ရိုးမား-နာပိုလီပွဲ

November 3, 2019

ပရိသတ်များ၏ လူမျိုးရေး ခွဲခြားမှုကြောင့် ရိုးမား-နာပိုလီပွဲ ခေတ္တရပ်နားခဲ့ရ

အိမ်ရှင်ရိုးမား ပရိသတ်တွေရဲ့ ခွဲခြားဆက်ဆံမှုဆိုင်ရာ သံပြိုင်သီဆိုခဲ့ကြတာကြောင့် နိုဝင်ဘာ ၂ ရက်နေ့ ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ စီးရီးအေပွဲစဉ်ကို ခေတ္တရပ်နားခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ရိုးမားပရိသတ်တွေဟာ ဧည့်သည် နာပိုလီအသင်းကို ရည်ရွယ်ပြီးတော့ ပိုင်နက်ဆန့်ကျင်ရေးဆိုင်ရာ အကြောင်းအရာတွေကို သံပြိုင်အော်ဟစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။  ဒီဖြစ်ရပ်ကြောင့် ဒိုင်လူကြီး ဂျီအန် လူကာ ရော့ချီက ဒုတိယပိုင်းမှာ ပွဲကိုခေတ္တရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုမျိုး စာသားတွေကို အိမ်ရှင်ပရိသတ်တွေက ပြိုင်ဘက်အသင်းရဲ့ မြို့နဲ့ပတ်သက်ပြီး လှောင်ပြောင်သရော်ဖို့ အသုံးပြုလေ့ရှိကြပြီး စီးရီးအေတာဝန်ရှိသူတွေကတော့ ဒါတွေကို လူမျိုးရေး ခွဲခြားမှုတွေလို့ သတ်မှတ်ထားပါတယ်။  ပွဲကို မရပ်နားခင် ဒိုင်လူကြီးရိုချီက ရိုးမားကွင်းရဲ့ မိုက်စနစ်ကနေတဆင့် ပရိသတ်တွေကို ဒီလိုအော်ဟစ်နေတာမျိုး ရပ်တန့်ရေးညွှန်ကြားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ မရပ်တန့်ခဲ့တာကြောင့် ပွဲကိုခေတ္တရပ်နားခဲ့ရတာပါ။  ရပ်နားချိန်မှာ နှစ်ဖက်ကစားသမားတွေဟာ ကွင်းလယ်စက်ဝိုင်းအတွင်း စုဝေးခဲ့ကာ ရိုးမားအသင်းခေါင်းဆောင် အီဒင် ဒီဂျက်ကိုက ဒီလိုမျိုး အပျက်သဘောဆောင်တဲ့လုပ်ရပ်တွေကို မလုပ်ဖို့ ပရိသတ်တွေကို သွားရောက်ဖျောင်းဖျခဲ့ပါတယ်။  “ကျနော် အီတလီဘာသာစကားစွမ်းရည်က သိပ်မကောင်းသေးလို့ သူတို့ ဘာတွေအော်နေလဲ ဆိုတာ မသိပေမယ့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ခွဲခြားဆက်ဆံမှုအားလုံးကို ရှုတ်ချပါတယ်” လို့ ရိုးမားအသင်းရဲ့ ပေါ်တူဂီမန်နေဂျာ ပေါ်လိုဖွန်ဆီကာက ပြောပါတယ်။  “ကျနော့်အတွက်တော့ ကျနော်တို့အသင်းခေါင်းဆောင်က ပရိသတ်တွေကို သွားရောက်ဖျောင်းဖျပြီး သူတို့ဆီက ဒီလိုမျိုး အပြုအမူမျိုး ထပ်မတွေ့ရတော့တာက ပိုအရေးကြီးပါတယ်” လို့ သူကဆက်လက်ပြောဆိုပါတယ်။  ဒီပွဲစဉ်မှာ ရိုးမားအသင်းဟာ ဧည့်သည်နာပိုလီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ပြိုင်ပွဲကို မရပ်နားခင်မှာ နှစ်ဂိုး ဂိုးမရှိတဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။  ပရိသတ် အားပေးကြမ်းလို့ နာမည်ကြီးတဲ့ အီတလီစီးရီး အေပွဲစဉ်တွေဟာ အခုရာသီမှာ လူမျိုးရေးခွဲခြားမှု ဖြစ်စဉ်တွေနဲ့ ရင်ဆိုင်နေရပြီး ဒီဖြစ်စဉ်တွေမှာ လူကာကူ၊ ရော်နယ်ဒိုနဲ့ ဗီရာရီတို့လည်း ခွဲခြားခံခဲ့ရပါတယ်။  Ref: Sky News
2 years Ago
Up