ရိုးမားတိုက်စစ်မှူ

September 18, 2020

ရိုးမားတိုက်စစ်မှူး ဂျက်ကို  ၂ နှစ်စာချုပ်ဖြင့်  ဂျူဗင်တပ်စ်အသင်းကို ပြောင်းမည်

ရိုးမားတိုက်စစ်မှူး အေဒင်ဂျက်ကိုဟာ ဂျူဗင်တပ်စ်အသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွေ့ တော့မယ်လို့  Goal သတင်းမှာ ဖော်ပြပါတယ်။  မန်စီတီးတိုက်စစ်မှူးဟောင်း ဂျက်ကိုဟာ ရိုးမားအသင်းမှာ ၅ နှစ်ကြာကစားခဲ့သူဖြစ်ပြီး ဂျူဗီနည်းပြသစ် ပီယာလိုရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ဖို့ ရိုးမား  အသင်းနဲ့လမ်းခွဲတော့မှာဖြစ်ပါတယ်။  အသက် ၃၄ နှစ်ရှိ ဘော့စနီးယားတိုက်စစ်မှူးဟာ ဂျူဗင်တပ်စ် အသင်းမှာ တစ်နှစ်ကို ယူရို ၇ ဒသမ ၅ သန်းရရှိမှာဖြစ်ပြီး သူ့ပြောင်းရွှေ့ကြေးအဖြစ် ဂျူဗင်တပ်စ်အသင်းက  ရိုးမားဘက်ကို ယူရို ၁၆ သန်းပေးရမှာဖြစ်ပါတယ်။  ဂျက်ကိုရဲ့အပြောင်းအရွေ့ကြောင့် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ရဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့မယ့် အစီစဉ်ဟာလည်း မရေရာမသေချာတော့တဲ့အနေအထားကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။  ဂျက်ကိုကို ရောင်းမထုတ်ခင် ရိုးမားအသင်းဘက်ကလည်း နာပိုလီတိုက်စစ်မှူး မီလစ်ကို ခေါ်ယူ အားဖြည့်ခဲ့ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုအခိုင်အမာရရှိခဲ့ပြီဖြစ်ပေမဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် အသင်းကိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပြီး နည်းပြ ဆာရီ နေရာမှာ ကစားသမာဟောင်း ပီယာလိုကို အစားထိုးခဲ့ပါတယ်။  အသင်းရဲ့တိုက်စစ်ပိုင်းမှာလည်း တိုက်စစ်မှူး ဟီဂူအင်ကို အသင်းကနေထွက်ခွာ ခွင့်ပေး ထားတယ်လို့ သိရပြီး သူ့နေရာကို အစားထိုးဖို့ ဂျက်ကို ကို ခေါ်ယူလိုတာဖြစ်ပါတယ်။ ဂျက်ကို မတိုင်ခင် ဂျူဗင်တပ်စ်အသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး ဂီရော့ဒ်၊ အက်သလက်တီကိုတိုက်စစ်မှူး မိုရာတာ နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီတို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။  ဂျက်ကိုဟာ ပရီးမီးယားလိဂ်ကလပ် မန်စီတီး၊ ဘွန်ဒက်လီဂါကလပ် ဝုဖ်ဘတ်အသင်းတို့နဲ့ အတူ အောင်မြင်မှုရရှိခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ကာ ဘော့စနီယားအသင်းကိုလည်း သမိုင်း တစ်လျောက် ပထမဆုံးအဖြစ် ၂၀၁၄ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။  သူဟာ ရိုးမားအသင်းအတွက် ၂၂၂ ပွဲ ကစားခဲ့ပြီး ၁၀၆ ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇  ရာသီမှာလည်း စီးရီးအေအတွက် ၂၉ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။
8 months Ago
Up