ရိုးမဘဏ်

April 3, 2021

ရိုးမဘဏ်က ချေးငွေပြန်ဆပ်ရမည့် ကာလကို ဧပြီလကုန်ထိ ဆိုင်းငံ့

မြန်မာပြည်တွင်း ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ရိုးမဘဏ်က ချေးငွေရယူထားသူတွေ ပြန်လည်ပေးဆပ်ရမယ့် ကာလကို အခုဧပြီလကုန်ထိ ဆိုင်းငံ့လိုက်တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာတော့ ကိုဗစ်-၁၉  ကပ်ရောဂါသက်ရောက်မှုနဲ့ လတ်တလော အခြေအနေတွေကြောင့် အခက်အခဲဖြစ်နေကြတဲ့ Customer တွေကို ပံ့ပိုးကူညီနိုင်ဖို့ ရိုး မဘဏ်အနေနဲ့ ချေးငွေ ပြန်လည်ပေးဆပ်မှုအစီအစဉ်ကို တိုးမြှင့်ပေးလိုက်တာလို့ ဖော်ပြပါတယ်။

ခုလိုချေးငွေပြန်လည်ပေးအပ်မှု ဆိုင်းငံ့ခြင်းအစီအစဉ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ချေးငွေပြန်လည်ပေးဆပ်ဖို့ ရက်ပေါင်း ၈၉ ရက်အထိ ပျက်ကွက်တဲ့ Customer တွေလည်း အကျုံးဝင်ပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ ၃ လအတွက် ချေးငွေ ပြန်လည်ပေးဆပ်မှု နောက်ကျကြေးတွေကိုလည်း ကောက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက အသေးစားနဲ့အလတ်စား လုပ်ငန်းတွေကို ငွေထုတ်ချေးရာမှာ အကူအညီရစေဖို့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတခုဖြစ်တဲ့ IFC က ၂၀၁၄ ခုနှစ်မှာ  ရိုးမဘဏ်ကို ငွေထုတ်ချေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်မှာတော့ IFC ရဲ့ ချေးငွေတွေကို ရိုးမဘဏ်ရဲ့ အစုရှယ်ယာအဖြစ် အသွင်ပြောင်းလဲခဲ့တာကြောင့် ရိုးမဘဏ်ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ ပုဂ္ဂလိကဘဏ်တခု ဖြစ်လာခဲ့တာပါ။

ဒါ့အပြင် GIC (Greenwood Capital Pte Ltd) နဲ့ Norfund တို့ကလည်း ၂၀၂၀ ပြည့်နှစ်အစောပိုင်းက ရိုးမဘဏ်မှာ ငွေကျပ် ၁၃၀ ဘီလီယံ တန်ဖိုးရှိတဲ့ အစုရှယ်ယာတွေ ထည့်ဝင် ရင်းနှီးမြှုပ်နှံထားတယ်လို့ ရိုးမဘဏ်ရဲ့ ဝက်ဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်းမှု ၂ လအကြာ မြန်မာနိုင်ငံမှာ ကုန်သွယ် ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတာတွေ၊ ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားရပြီး အင်တာနက်လိုင်းတွေပါ ပိတ်ထားတဲ့အတွက် ငွေပေးငွေယူလုပ်ငန်းတွေ၊ အွန်လိုင်းအရောင်းအဝယ်နဲ့ ငွေ ကြေးစီးဆင်းမှုတွေ ထိခိုက်လာတဲ့အပြင် အများပြည်သူတွေကြား လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးထုတ်ယူရရှိနိုင်ဖို့ အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

10 months Ago

August 22, 2020

စစ်တွေမြို့က ဘဏ်ခွဲဝန်ထမ်းတဦး ကိုဗစ်-၁၉ ကူးစက်ခံရဟု ရိုးမဘဏ်အတည်ပြု

စစ်တွေမြို့က ရိုးမဘဏ်ခွဲဝန်ထမ်းတယောက်ဆီမှာ ကိုဗစ်-၁၉ တွေ့ရတယ်လို့ ရိုးမဘဏ်က အတည်ပြုထုတ်ပြန်လိုက်ပြီး အဲဒီဘဏ်ကို ယာယီပိတ်ထားလိုက်ပါတယ်။ လူနာအမှတ် ၄၁၁ ဟာ စစ်တွေမြို့၊ မြောက်ရူပါ ရပ်ကွက်က ရိုးမဘဏ်ခွဲဝန်ထမ်းတယောက်ဖြစ်ပြီး လက်ရှိမှာ ဆေးကုသခံနေတယ်လို့ ဒီနေ့ ထုတ်ပြန်တာပါ။ ရိုးမဘဏ် စစ်တွေဘဏ်ခွဲကို ပိုးသတ်သန့်စင်တာတွေ လုပ်ဖို့ ယာယီပိတ်ထားပြီး စစ်တွေဘဏ်ခွဲက ဝန်ထမ်း ၂၈ ယောက်ဟာလည်း အသွားအလာကန့်သတ်နေထိုင်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တွေ စီဘီဘဏ်ခွဲဝန်ထမ်းတယောက်ဆီမှာ ကိုဗစ်-၁၉ တွေ့ခဲ့ရတာကြောင့် ဘဏ်ခွဲကို ၂ ရက်ပိတ်မယ်လို့ စီဘီဘဏ်က ကြေညာခဲ့ပါတယ်။
1 year Ago
Up