ရိုင်နီယာဒီရစ်ဒါ

October 30, 2020

ရှုံးပွဲမရှိဖိုက်တာ ရိုင်နီယာဒီရစ်ဒါက အောင်လအတွက် ပြိုင်ဘက်ကောင်းဖြစ်လာမလား

မြန်မာ့ဂုဏ်ဆောင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်းရဲ့ ၄ ကြိမ်မြောက် One Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကတော့ ဒီကနေ့ညမှာ ထိုးသတ်ရတော့မှာပါ။  စိန်ခေါ်သူက အသက် ၃ဝ နှစ်ရှိ ဟော်လန်နိုင်ငံသားရိုင်နီယာ ဒီရစ်ဒါဖြစ်ပြီး ၁၂ ပွဲဆက်တိုက် အနိုင်ရထားတဲ့ ဖိုက်တာတစ်ဦးဖြစ်ပါတယ်။ ဒီရစ်ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်က ဘရာဇီးဖိုက်တာ လီအန်ဒရိုအတိတ်စ်နဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာထိုးသတ်ခဲ့ပြီး အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ အနိုင်ရတဲ့သူက မစ်ဒယ်ဝိတ်တန်းချန်ပီယံ ရွှေခါးပတ်အတွက် အောင်လအန်ဆန်းကို စိန်ခေါ်ခွင့် ပေးထားတာဖြစ်လို့ ဒီရစ်ဒါက စိန်ခေါ်ထိုးသတ်ခွင့်ရရှိလာခဲ့တာပါ။ ဒီရစ်ဒါဟာ ဘယ်လို ဖိုက်တာမျိုးလဲ အသက်၅နှစ်ကတည်းက ဂျူဒိုကစားခဲ့တဲ့ ဒီရစ်ဒါဟာ အရွယ်ရောက်လာတဲ့အချိန်မှာ နပန်းနဲ့ ဘရာဇီး ဂျူဂျစ်ဆု အားကစားနည်းတွေကို လေ့လာသင်ယူခဲ့ပါတယ်။  အဲဒီနောက် ၂၀၁၃ခုနှစ်မှာ သူ့ရဲ့ MMA ပရော်ဖက်ရှင်နယ် ပထမဆုံးပွဲစဉ်အနေနဲ့ ဂျာမနီက မာကိုဝက်စ်နဲ့ ထိုးသတ်ခဲ့ပြီး သူအားသာတဲ့ Triangle Choke သိုင်းကွက်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် ဥရောပက သိပ်နာမည်မကြီးတဲ့ MMA ပွဲစဉ်တွေဖြစ်တဲ့ Superior FC ၊ 360 Promotion၊  World Fighting League MMA ၊ Hit Fighting  Championship ၊ EFC  စတဲ့ ပြိုင်ပွဲတွေမှာ ၉ ပွဲဆက်တိုက် အနိုင်ရပြီး နာမည်တစ်ခုရှိလာခဲ့တာပါ။   အဲဒီနောက်မှာ One Championship နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ  ၂၅ ရက် မှာ ONE နဲ့ပွဲဦးထွက်ပွဲစဉ်ထိုးသတ်ခဲ့ပါတယ်။ အဲဒီပွဲမှာ တရုတ်က  ဖန်ရောင်ကို D’Arce Choke လို့ခေါ်တဲ့ လည်ပင်းနဲ့ လက်မောင်းကိုချုပ်ပြီး ညှစ်တဲ့ သိုင်းကွက်နဲ့ အနိုင်ရခဲ့ပါတယ်။  ၂၀၁၉ ဇွန်လ ၁၅ ရက်မှာ ဘရာဇီးသား  ဂီလ်ဘာတိုနဲ့ ဒုတိယမြောက် One Championship ပွဲမှာတော့ ကြမ်းပြင်မှာ ပြိုင်ဘက်ကို ဒူးတိုက်ချက် ၃ ချက်နဲ့ အနိုင်ယူခဲ့ပါတယ်။ အဲဒီနောက်  အခုနှစ် ဖေဖော်ဝါရီ  ၇ ရက် ရောက်မှ မစ်ဒယ်ဝိတ်တန်းချန်ပီယံ စိန်ခေါ်ခွင့်အတွက် လီအန်ဒရိုကို အမှတ်နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။  ဒီရစ်ဒါ ထိုးသတ်ခဲ့တဲ့ပွဲစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင်  Grappling နဲ့ Ground Fight ကို အဓိက ထားထိုးသတ်လေ့ရှိပါတယ်။ သူအားတဲ့ နပန်းစွမ်းဆောင်ရည်နဲ့ ပြိုင်ဘက်ကို ကြမ်းပြင်ပေါ်လှဲချပြီး ချုပ် သိုက်ကွက်နဲ့ အနိုင်ယူခဲ့တဲ့ ပွဲက များပါတယ်။  ဒါပေမဲ့ One Championship ၃ ပွဲမှာတော့  တရုတ်က ဖန်ရောင်နဲ့ ပွဲတစ်ပွဲသာ D’Arce Choke နဲ့ အနိုင်ရခဲ့ပြီး နောက်ထပ် ၂ ပွဲမှာတော့ သူ့ရဲ့ Ground Fight က သိပ်အလုပ်မဖြစ်ခဲ့တာတွေ့ရပါတယ်။ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ လီအန်ဒရိုနဲ့ပွဲမှာဆိုရင် အမှတ်နဲ့အနိုင်ရခဲ့ပေမယ့် လီအန်ဒရိုရဲ့ ဒူးတိုက်ချက်နဲ့လက်သီးချက်တွေကိုလည်း ခံခဲ့ရပါသေးတယ်။ ဒီရစ်ဒါအားသာတဲ့ ချုပ်ကွက်တွေကို လီအန်ဒရိုကရုန်းထွက် နိုင်ခဲ့ပြီး နောက်ဆုံး အချီမှာဆိုရင် ဒီရစ်ဒါသက်လုံကျသွားခဲ့တာ တွေ့ရပါတယ်။  ဆိုတော့ ဒီရစ်ဒါက Stand Fight မှာဆိုရင် သိပ်ကြောက်စရာမရှိဘဲ သူ့ရဲ့ ရှည်လျားတဲ့လက်တံတွေနဲ့ ထောက်လက်သီးတွေကိုသာ သတိထားရနိုင်ပါတယ်။ နပန်းနဲ့ Ground Fight  က သူ့ရဲ့အားသာချက်ဖြစ်ပေမယ့် အောင်လအန်ဆန်းကလည်း ဘရာဇီးဂျူဂျစ်ဆုကို ကောင်းကောင်း ထိုးသတ်ခဲ့ဖူးသူ ဖြစ်ပြီး ဒီရစ်ဒါ ထက်ပိုကောင်းတဲ့ ပြိုင်ဘက်တွေနဲ့လည်း ထိုးသတ်ခဲ့ဖူးလို့ သိပ်ပြီး စိုးရိမ်စရာမရှိတဲ့ အခြေအနေဖြစ်ပါတယ်။ အောင်လရဲ့ လေ့ကျင့်ပြင်ဆင်မှု အောင်လအန်ဆန်းက ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပေမယ့် ဒီပွဲအတွက် ၃ လလောက် အချိန်ရ ခဲ့ပြီး သူ့ရဲ့ ထုံးစံအတိုင် သေချာလေ့ကျင့်ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။ ပြိုင်ဘက်က ချန်ပီယံစိန် ခေါ်ပွဲ ထိုးသတ်ခဲ့ဖူးသူမဟုတ်ပေမယ့် ဘရန်ဒန်ဗီယာ၊ ဟာဆီဂါဝါ၊ မိုဟာမက်ခရာကီ တို့လို ပြိုင်ဘက်ဟောင်းတွေနဲ့ ပွဲကြိုပြင်ဆင်မှုတွေလိုပဲ အထူးအာရုံစိုက်လေ့ကျင့်ခဲ့တာကိုတွေ့ရပါတယ်။ အောင်လက ပင်ကိုယ်တိုက်ရည်ခိုက်ရည် ကောင်းမွန်သလို ပွဲတစ်ပွဲအပေါ် ဘယ်လိုချဉ်းကပ်ရမလဲနဲ့ ဘယ်လို လေ့ကျင့်ပြင်ဆင်ရမလဲဆိုတာ ကောင်းကောင်းသိထားပြီး အဲဒီအားသာချက်တွေကပဲ ဝိတ်တန်း၂ ခုရဲ့ ချန်ပီယံ ရွှေခါးပတ်တွေ ရယူနိုင်ခဲ့တာပါ။  ဒီရစ်ဒါနဲ့ပွဲအတွက်လည်း နပန်းနဲ့ Ground Fight တွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့သလို ပြိုင်ဘက်က အရပ်ရှည်ပြီး လက်တံပိုရှည်တဲ့အတွက် အဲဒီလို အရပ်အမောင်းနဲ့ လက်တံရှိတဲ့ Trainer တွေနဲ့ လေ့ကျင့်ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။  ဒီရစ်ဒါနဲ့ပွဲမှာ နပန်းနဲ့ Ground Fight ကို သတိထားရမှာဖြစ်ပေမယ့် အဲဒီအားသာချက်တွေရှိတဲ့ ပြိုင်ဘက်တွေကို အရင်ကတည်းက ရင်ဆိုင်ကျော်ဖြတ်ခဲ့ဖူးပြီးသားဖြစ်လို့ ပြဿနာ မရှိနိုင်ကြောင်းလည်း အောင်လအန်ဆန်းက  မှတ်ချက်ပေးထားပါတယ်။ ဒီရစ်ဒါက ပြိုင်ဘက်ကောင်းဖြစ်လာမလား ဒီရစ်ဒါက One Championship ပွဲစဉ် ၃ ပွဲသာ ထိုးသတ်ရသေးပြီး တခြားဥရောပက ပြိုင်ပွဲသေး သေးလေးတွေမှာပဲ ၉ ပွဲ ထိုးသတ်ခဲ့ဖူးတာပါ။ သူ့ရဲ့ မှတ်တမ်းက ၁၂ ပွဲထိုး ၁၂ ပွဲနိုင်ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ရှုံးပွဲလုံးဝမရှိခဲ့ဘူးဆိုပေမယ့် အဲဒီပွဲစဉ်တွေထဲမှာ ဘရာဇီးကလီအန်ဒရိုနဲ့ ပွဲကိုပဲ ချီးကျူးရမယ့်အခြေအနေပါ။ လီအန်ဒရိုက အောင်လအန်ဆန်းရဲ့အခက်ခဲဆုံးပြိုင်ဘက်လို့ ဆိုနိုင်တဲ့ ဘစ်ဒါလီဘစ်ဒက်ရှ်ကို အလဲ ထိုးနဲ့အနိုင်ရရှိခဲ့သူဖြစ်ပြီး ဒီရစ်ဒါနဲ့ပွဲမှ ပွတ်ကာသီကာရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီရစ်ဒါက ထိုက်သင့်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ ဖိုက်တာတစ်ဦးဖြစ်ပေမယ့် အခုတွေ့ရမယ့် ပြိုင်ဘက်က သူရင် ဆိုင်ခဲ့ဖူးတဲ့ ဖိုက်တာတွေနဲ့ လုံးဝမတူတဲ့ ဝိတ်တန်း ၂ ခုရဲ့ ချန်ပီယံရွှေခါးပတ်ပိုင်ရှင်နဲ့ ဖြစ်နေပါတယ်။ အောင်လအန်ဆန်းက ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃ ရက်က ထိုးသတ်ခဲ့တဲ့ အယ်လိန်းဂလာနီနဲ့ ပွဲစဉ်မှာ Guillotine Choke နဲ့ အနိုင်ယူပြီးနောက်ပိုင်း ထိုးသတ်ခဲ့တဲ့ ပွဲစဉ် ၅ ပွဲစလုံးကို အားပါတဲ့ လက်သီး ချက်တွေ ၊ ခြေကန်ချက်တွေနဲ့ပဲ အနိုင်ယူလာခဲ့တာဖြစ်ပါတယ်။  အောင်လအန်ဆန်းရဲ့ ခြေကန်ချက်တွေနဲ့ အားပါတဲ့ လက်သီးချက်၊ တံတောင်ရိုက်ချက်တွေကို ဒီရစ်ဒါ ၃ ချီအထိ တောင်ခံနိုင်ဖို့ခက် ပါလိမ့်မယ်။ ဒီရစ်ဒါရဲ့ နပန်းနဲ့အချုပ်သိုင်းကွက်တွေအပြင် ထောက်လက်သီးတွေကလည်း အောင်လကို အကဲစမ်းမှာဖြစ်ပြီး အောင်လကလည်း Ground Fight နဲ့ မစိမ်းတဲ့သူဖြစ်လို့ ကာကွယ်နိုင်ဖို့များပါတယ်။ ဒီရစ်ဒါက အရပ်အမောင်းမှာ အောင်လထက် သုံးလက်မလောက်မြင့်ပေမယ့် ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ သက်လုံမှာလည်း အောင်လအန်ဆန်းကို ယှဉ်နိုင်ဖို့မရှိပါဘူး။ဒါကြောင့် ဒီပွဲစဉ်က အောင်လအန်ဆန်း ပရိသတ်တွေအတွက် စိုးရိမ်စရာမရှိနိုင်တဲ့ ပွဲမျိုးဖြစ်ပြီး ၂ ချီနဲ့ ၃ ချီ အတွင်းမှာပဲ အောင်လအန်ဆန်းက ပွဲဖြတ်သွားဖို့ရှိနေကြောင်းပါ။ ဝဏ္ဏကို Photo Credit- One Championship
2 years Ago
Up