ရိုက်နှက်မှု

February 20, 2021

မသန်စွမ်းလူငယ်အား ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆို

မန္တလေးမြို့ တံခွန်တိုင်အဝိုင်းမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဖြစ်စဉ်အတွင်း မသန်စွမ်းလူငယ်အား အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်နဲ့ မသန်စွမ်းအသင်းတွေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

မသန်စွမ်း မောင်ဟန်သက်ဇော်ဟာ ဆန္ဒထုတ်ဖော်တဲ့အနားမှာ ရှိနေစဉ် ရဲတပ်ဖွဲ့က ရိုက်နှက်မှုကြောင့် ဦးခေါင်းကိုထိပြီး လဲကြသွားတဲ့ ဗွီဒီယိုမှတ်တမ်းဟာ လူမူကွန်ရက်မှာ ပျံ့နှံ့ခဲ့တာပါ။

မောင်ဟန်သက်ဇော်ဟာ ကိုယ်အင်္ဂါမသန်စွမ်းသလို ဉာဏ်ရည်မသန်စွမ်းသူလည်းဖြစ်ပြီး မိဘတွေမရှိတဲ့အတွက် ဦးလေးဖြစ်သူနဲ့ နေထိုင်နေသူပါ။

ရဲတပ်ဖွဲ့က ရိုက်နှက်နေစဉ် မပြေးနိုင်တဲ့အတွက် ၁၀ ချက်ထက်မနည်း အရိုက်ခံခဲ့ရတာပါ။

ဒါအပြင် ကိုယ်အင်္ဂါမသန်စွမ်းဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြု့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မသန်စွမ်းတွေကို အကြမ်းဖက်ရိုက်နှက်တာဟာ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများအခွင့်အရေးဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ မသန်စွမ်းအဖွဲ့အစည်းတွေက ပြောပါတယ်။

ဒီလို အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ၊ မသန်စွမ်းအဖွဲ့တွေက လူပုဂ္ဂိုလ် ၂၇၀ ကျော် ဒီနေ့ လက်မှတ်ရေးထိုးပြီး ကန့်ကွက်ရှုတ်ချထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် မြန်မာနိုင်ငံမြို့အများအပြား အကြမ်းဖြိုခွင်းတာတွေ ရှိခဲ့ပြီး သေဆုံးသူ ဒဏ်ရာရရှိသူတွေနဲ့ အဖမ်းခံရသူ အများအပြားရှိနေတဲ့အထိမှာ မသန်စွမ်းသူတွေလည်း ပါဝင်နေပါတယ်။

3 months Ago

January 14, 2021

ဝမ်းတွင်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ရိုက်နှက်မှုဖြင့် အမှုဖွင့်ခံရ 

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးရွာမှာ အရက်မူးပြီးဆဲနေသူကို သွားရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို ရိုက်နှက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းကနေ သိရပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက  "အရက်မူးပြီး ဆူပူသောင်းကျန်းနေ တယ် လာတိုင်လို့ သွားဖမ်းတာ ထွက်ပြေးသွားတယ်။ အပြန် အရက်ဆိုင်ရှေ့ကအဖြတ် ရဲတွေကိုဆဲနေလို့ ဖမ်းပြီး ဆိုင်ကယ်နဲ့ ခေါ်လာတယ် ရုန်းကန်နေတော့ ဆိုင်ကယ်လဲပြီး သတိမေ့သွားတာကို ရိုက်နှက်ပါတယ် ဆိုပြီး အမှုဖွင့်ခံရတာပါ"လို့ ပြောပါတယ်။ ခင်ကြီးရွာမှာ အမျိးသားတစ်ဦး အရက်မူးပြီး ဆူပူနေလို့ ထိန်းသိမ်းဖမ်းဆီးပေးဖို့ တိုင်ကြားလာတာကြောင့် နယ်ထိန်း ရဲတပ်သား ဟိန်းထက်နေဇော်ပါ ၄ ယောက်ဟာ ခင်ကြီးရွာကို သွားခဲ့ရာ မူးယစ်ဆူပူနေသူထွက်ပြေးသွားလို့ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ရွာကနေပြန်လာစဉ် လမ်းမှာ အရက်ဆိုင်ရှေ့အဖြတ်မှာ အနိုင်(ခ)မင်းနိုင်(၃၆နှစ်)က ဆဲဆိုနေတာကြောင့် ရဲက ဝင်ရောက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။  ဒီနောက် အနိုင်(ခ)မင်းနိုင်ဟာ ဝမ်းတွင်းဆေးရုံကို ဒဏ်ရာတွေနဲ့ သတိမေ့မြောလျက် ရောက်ရှိလာခဲ့ပြီး ဝမ်းတွင်းဆေးရုံနေ  မန္တလေးဆေးရုံကို လွှဲပြောင်းပေးခဲ့ကာ ဦးခေါင်းခွဲစိပ် ကုသနေရပါတယ်။ ခင်ကြီးရွာနေကိုတင့်လွင်က "မူးဆူနေတယ်ဆိုပြီး အတိုင်ခံရတာက တစ်ယောက် ရိုက်နှက်ခံရတာက တစ်ယောက်ပါ။ လူနာက မန္တလေးဆေးရုံမှာ ခွဲစိပ်ကုသနေရတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့ညက ဖြစ်တာ ၃ ရက်ရှိပြီ ဒီနေ့အထိတော့ သတိမရသေးဘူး။ ရဲတွေကိုဆဲလို့ ဆိုပြီး ထိုးကြိတ်ရိုက်နှက် လိုက်တာပါ။ ရွာကလူတွေ အကုန်သိပါတယ်"လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အနိုင်(ခ)မင်းနိုင်ရဲ့ အစ်မဖြစ်သူက တရားလိုလုပ်ပြီး နယ်ထိန်းရဲတပ်သား ဟိန်းထက်နေဇော်ပါ ၄ ဦးကို အမြင့်ဆုံးပြစ်ဒဏ် ထောင် ၇ နှစ်အထိကျနိုင်တဲ့ တုံးသောလက်နက်နဲ့ အပြင်းအထန် နာကျင်စေမှု၊ အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း
4 months Ago
More News
Up