ရိုက်နှက်ဖမ်းဆီးခံရသူ

September 7, 2021

ရိုက်နှက်ဖမ်းဆီးခံရပြီး သေဆုံးသွားသူ၏ အမျိုးသမီးနှင့် အစ်ကိုဖြစ်သူ ထပ်မံဖမ်းဆီးခံရ

ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်မှာ မနေ့ နေ့လယ်ပိုင်းလောက်က စစ်ကောင်စီရဲ့ ရိုက်နှက်ဖမ်းဆီးတာကို ခံရပြီး သေဆုံးသွားတဲ့ ကိုဇော်လင်းထက်ရဲ့ အမျိုးသမီးနဲ့ အစ်ကိုဖြစ်သူ ကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေက ထပ်မံဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

နီးစပ်သူဒေသခံတဦးက "ကားနှစ်စီးနဲ့ လာဖမ်းသွားတာ။ ရဲနဲ့ စစ်သားတွေ အင်အားများတယ်။ ဖုန်းနဲ့ ပိုက်ဆံတွေပါ သိမ်းသွားပြီး အိမ်ကိုပါဖျက်ဆီးပြီး ဖမ်းဆီးသွားတယ်'' လို့ ပြောပါတယ်။

မနေ့ ညနေ ၃ နာရီခွဲလောက် နေအိမ်မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ကိုဇော်လင်းထက်ဟာ ခုတင် ၁၀၀ စစ်ဆေးရုံမှာ သွေးထွက်လွန်ပြီး ည ၈ နာရီဝန်းကျင်လောက်က သေဆုံးသွားခဲ့တယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသူ ကိုဇော်လင်းထက်

မနေ့ကနဲ့ ဒီကနေ့နေ့လယ်အထိ သေဆုံးသွားသူ ကိုဇော်လင်းထက် အပါအဝင် ဖမ်းဆီးခံရသူ မိသားစုဝင်တွေ ၄ ဦး ရှိသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူ ကိုဇော်လင်းထက် အပါအဝင် ဖမ်းဆီးခံရသူတွေဟာ သာမန်ပြည်သူတွေဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာတော့ ပါဝင်ခဲ့ဖူးကြောင်း မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

3 months Ago
Up