လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်း လမ်းမပေါ်မှာ အိမ်စီးကားတစီးရဲ့ ယာဥ်မောင်းဖြစ်သူကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးပြီး ကားပါသိမ်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်-ညောင်တုန်း လမ်းဘေးက ဗဟိုလမ်းထဲမှာ ဒီကနေ့ညနေလေးနာရီလောက် ပရိုဘောက်အဖြူရောင်ကားကို စစ်ကောင်စီတပ်နဲ့ရဲတွေက စစ်ဆေးပြီး ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"စစ်တပ်နဲ့ ရဲတွေက ကားတွေကို အမြဲပိုက်ဆံတောင်းနေကြတာ၊ မရရင် ဆဲတာဆိုတာတွေရှိတယ်။ တခါတလေ ကိုယ်ထိလက်ရောက်ရိုက်တာတွေရှိတယ်။"
စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ယာဥ်မောင်းအမျိုးသားအား လက်ကိုပခုံးပေါ်တင် ထိုင်ခိုင်းထားပြီး ရိုက်နှက်ထိုးကြိတ်ကာ လက်ထိတ်ခတ် ဖမ်းဆီးသွားတာလို့ ကယ်ရီသမားတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကာထဲက ပစွည်းတွေရောသိမ်းသွားတယ်၊ ကားကိုလည်း ယူသွားတယ်၊ ဘယ်ကလာတာလဲတော့ မသိဘူး။"
စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ယာဥ်မောင်းဖြစ်သူအား ဘာကြောင့်ရိုက်နှက်ဖမ်းဆီးသွားတယ်ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုချက်မရသေးပါဘူး။
ဖမ်းဆီးခံရတဲ့ ယာဥ်မောင်းနဲ့ ပရိုဘောက်ကားကို လှိုင်သာယာမြို့မရဲစခန်းထဲမှာ လက်တလော သိမ်းဆည်းထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်တိုင်း မြို့နယ်အချို့က အဝေးပြေးကားလမ်းမကြီးတွေနဲ့ မြို့အဝင်ဂိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ယာဥ်မောင်းနဲ့ခရီးသည်တွေဆီက အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံနေတာကြာပြီလို့ ယာဥ်မောင်းတွေက ပြောပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက လူငယ် ၂ ယောက်ကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့နယ် ကံလှရွာက အသက် ၂၀ နှစ်အရွယ် ကိုဘုန်းသက်ကျော်နဲ့ ကိုအောင်ပြည်စုံတို့ကို မနေ့ မနက် ၉ နာရီလောက် ပခုက္ကူမြို့ဝင်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ အပေါင်းပါတွေက PDF ဆိုပြီး စွပ်စွဲကာ ရိုက်နှက်ဖမ်းဆီးသွားကြတာလို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။
သူတို့ ၂ ယောက်အား ပခုက္ကူမြို့မရဲစခန်း စစ်ကြေားရေးကို ပို့ဆောင်လိုက်တယ်လို့ သိရပြီး ရဲစခန်းထဲမှာလည်း ဝိုင်းဝန်းရိုက်နှက်နှိပ်စက် စစ်ဆေးနေတယ်လို့ ပခုက္ကူမြို့မ ရဲစခန်း တပ်ဖွဲ့ဝင်တယောက်ဆီက သိရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၇၁၂ ယောက်အနက် ၁၅၉၁ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။