ရိုက်နှက်ခံရ

September 2, 2020

ရမ်းဗြဲ အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ၁ ဦး  ရိုက်နှက်ခံရပြီး အပြန်အလှန်အမှုဖွင့်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်ဟာ ရိုက်နှက်ခံခဲ့ရပြီး ရမ်းဗြဲမြို့မရဲစခန်းမှာ  အမှုဖွင့်ထားတယ်လို့ ကာယကံရှင်နဲ့ ရဲစခန်းက ပြောပါတယ်။ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့ မှတ်ပုံတင်မရှိသူတွေကို လုပ်ပေးဖို့ ဦးသန်းဇော်ဟာ ရမ်းသစ်ကြီးကျေးရွာအုပ်စု စစ်ပြားကျေးရွာကို သွားရောက်ခဲ့စဉ် စကားများရာက ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရိုက်နှက်ခဲ့တာလို့ ဦးသန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်က ရမ်းသစ်ကြီးကျေးရွာအုပ်စု စစ်ပြားကျေးရွာကို သွားပြီးတော့ ကျေးရွာနေပြည်သူတွေကို အခမဲ့မှတ်ပုံတင်လုပ်ပေးဖို့အတွက် ရွာဆော်ကို ဆော်သြခိုင်းတာပေါ့။ အဲဒီအချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက သူကို မပြောလို့ဆိုပြီးတော့ ပိတ်ပင်တာပေါ့။ အဲဒါကို ကျနော်အနေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီ အကျိုးအကြောင်းပြောဖို့ သွားတဲ့အချိန်မှာ သူတို့အုပ်စုက အိမ်မှာ အရက်သောက်နေကြတယ်။ အဲဒါနဲ့ ကျနော်ကိုမြင်တော့ မင်းက ငါ့ကို ဘာဖြစ်လို့ မပြောတာလဲဆိုပြီးတော့ သူ သောက်နေတဲ့အရက်ခွက်တွေနဲ့ ပစ်ပေါက်တယ်။ တခြားအုတ်ခဲကျိုးနဲ့တွေနဲ့လည်း ထုတယ်၊ အဲဒါ ကျနော့် ဦးခေါင်း၊ မျက်နှာနဲ့ လက်တွေမှာ ပေါက်ပြဲဒဏ်ရာတွေရသွားလို့ ရမ်းဗြဲမြို့ ဆေးရုံသွားပြီးတော့ ဆေးကုသမှုခံလိုက်ရတယ်။ သူတို့လာပြီး ဖြေရှင်းမှလာဆိုပြီးတော့ ပထမတော့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တယ်။ အဲဒါသူတို့က မဖြေရှင်းတဲ့အပြင် ကျနော့်ကို အမှုဖွင့်လာတော့ ကျနော့်လည်း ပြန်ပြီးအမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ပြား အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့  ဆက်သွယ်လို့မရခဲ့ပါဘူး။ အဆိုပါဖြစ်စဉ်မှာ အရက်သေစာသောက်စားပြီး နှစ်ဘက်အပြန်အလှန်စကားရာက ခိုက်ရန် ဖြစ်ပွားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နှစ်ဘက်စလုံးက အပြန်အလှန်အမှုဖွင့်လှစ်ထားတယ်လို့ ရမ်းဗြဲမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က ဒီဗွီဘီကို ပြောပါတယ်။ “နှစ်ဘက်လုံး အပြန်အလှန်အမှုဖွင့်ထားတယ်။ အရက်သောက်တာတွေလည်း ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သည်းညည်းမခံတာတွေလည်း ပါတယ်။ နှစ်ဘက်လုံးကို ဖွင့်ပေးထားတယ်။ ပုဒ်မတွေကတော့ နာကျင်မှုနဲ့ဖွင့်တယ်။ အုပ်ချုပ်ရေးမှူး ဘက်ကလည်း သူအိမ်ပေါ်ကို တက်တယ်၊ ကြိမ်းဝါးတယ်၊ စော်ကားတယ်ဆိုပြီးတော့ အမှုဖွင့်တယ်။ နှစ်မှုစလုံးက အာမခံရတဲ့ဟာတွေပါ၊ တရားရုံးမှာ ရှင်းကြပေါ့  ဒါပဲရှိတယ်”လို့ ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် မှတ်ပုံတင်မရှိသူတွေကို  မှတ်ပုံတင်လုပ်ဆောင်ပေးနိုင်ဖို့အတွက် ရမ်းဗြဲ မြို့နယ် အန်အယ်လ်ဒီ ပါတီအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ သွားရောက်ဆောင်ရွက်ခဲ့တာလို့ ဦးသန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။  နောင်နောင်
1 year Ago

November 16, 2019

အမျိုးသားတဦး ရိုက်နှက်ခံရပြီး သေဆုံးမှု ဆယ်ကျော်သက် ၃ ဦးကို ဖမ်းဆီးစစ်ဆေး

ကလေးမြို့ သာစည်ရွာတံတားအနီး အမျိုးသားတဦး ရိုက်နှက်ခံရပြီး သေဆုံးခဲ့တာနဲ့ပတ်သက်လို့ ဆယ်ကျော်သက် လူငယ် ၃ ဦးကို ကလေးမြို့မရဲစခန်းက လူသတ်မှုနဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ နိုဝင်ဘာ ၁၁ ရက်ညက ရိုက်နှက်ခံရပြီး နောက်တနေ့ ဆေးရုံမှာ သေဆုံးသွားတာလို့  ကလေးမြို့မရဲစခန်း ရဲအရာရှိတဦးက ပြောပါတယ်။ အဲ့ဒီညက သေဆုံးသူဟာ သူငယ်ချင်းဖြစ်သူနဲ့ ကလေးမြို့ကနေရွာအပြန် အမည်မသိ လူ ၃ ဦးဟာ ဆဲဆို အော်ဟစ်နေလို့ ဆိုင်ကယ်ရပ်တားမြစ်စဉ် ရိုက်နှက်ခံရပြီး နဖူးပေါက်ပြဲဒဏ်ရာတွေနဲ့ လဲကျနေတဲ့အတွက် ညတွင်းချင်း ဆေးရုံပို့ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ သာစည်ကျေးရွာနေ ဦးတင်မြင့်ဟာ နဖူးပေါက်ပြဲဒဏ်ရာတွေနဲ့ ဆေးရုံတင်ပြီး နောက်နေ့အကူးမှာ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ သေဆုံးသူရဲ့ ခယ်မဖြစ်သူကိုယ်တိုင် တရားလိုပြု အမှုဖွင့်ထားတယ်လို့ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဗိုလ်‌ဗိုလ်အောင်က ပြောပါတယ်။ “ကျနော်တို့ ပထမဆုံး ဆိုင်ကယ်ဆီထည့်တဲ့ ကလေးတယောက်ကို ဆီဆိုင်ကနေ ‌ခြေရာခံမိတာကြောင့် ခေါ်ယူစစ်ဆေးရာကနေ နောက်ထပ် လူငယ် ၂ ဦး၊ စုစုပေါင်း ၃ ဦးကို ဖြစ်ပွားပြီး တရက်အကျော်မှာ ဖမ်းဆီးနိုင်ခဲ့လို့ အမြန်တရားစွဲနိုင်ရေး ဆောင်ရွက်နေတယ်။” ရိုက်နှက်မှုမှာ ပါ၀င်တဲ့ လူငယ်တွေဟာ ဇော်ဖြိုး၀င်း၊ မျိုး၀င်းထွေးနဲ့ အေးမင်းစိုးတို့ဖြစ်ပြီး သုံးဦးစလုံး အသက် ၁၈ နှစ်အောက် လူငယ်တွေ ဖြစ်ပါတယ်။  ရိုက်နှက်ခံရသူ သေဆုံးခဲ့တာကြောင့် သူတို့သုံးဦးကို ရာဇသတ်ကြီး ၃၀၂/၁၁၄ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့  စစ်ဆေးခံနေရပါတယ်။ မင်းရဲစစ်နိုင်
2 years Ago
Up