ရာ့ချ်ဝိထီဆေးရုံ

February 3, 2020

ဘန်ကောက် ရာ့ချ်ဝိထီဆေးရုံ ကိုရိုနာဗိုင်းရပ်စ်ကုထုံးသစ် တွေ့ရှိ 

လက်ရှိ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကုထုံးတရပ်ကို တွေ့ရှိကြောင်း ဘန်ကောက်ရာ့ချ်ဝီထီဆေးရုံက ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။  ရာ့ချ်ဝိထီဆေးရုံက ဆရာဝန်များအဖွဲ့ဟာ ဝူဟန်ကလာတဲ့ အသက် ၇၁ နှစ်ရွယ် လူနာ တရုတ်အမျိုးသမီးကြီးတယောက်ကို ကုသရာက ဆေးရပြီးနောက်ပိုင်း ၁၂ နာရီအကြာမှာ လူနာဟာ လဲနေရာမှ ထထိုင်နိုင်ပြီး နောက်ထပ် ၁၂ နာရီအကြာမှာတော့ အဖျား ပျောက်ကင်းကာ အစာစားနိုင်သည်ထိ တိုးတက်ကောင်းမွန်လာတယ်လို့ ရာ့ချ်ဝိထီဆေးရုံ ဆရာဝန်အဖွဲ့မှ ဒေါက်တာကရိုင်းဆဒ်အဒီဖွန်းဝနစ်က သတင်းထောက်တွေကို ပြောပါတယ်။  အဆိုပါလူနာမှာ အစက ထိုင်းအရှေ့တောင်ပိုင်း ပရကျူတ်ခီရီခန်ခရိုင် ဟွာဟင်ဆေးရုံမှာ တက်ရောက်ကုသနေပြီး အဆိုပါဆေးရုံမှ အိပ်ချ်အိုင်ဗွီပိုးကုသဆေးနဲ့ ဦးစွာကုသခဲ့ကြောင်း၊ ၁၀ ရက်ကြာ မသက်သာတဲ့အတွက် ဟွာဟင်ဆေးရုံမှ ရာ့ချ်ဝိထီဆေးရုံကို လွှဲပြောင်းပေးခဲ့ပြီ သူတို့က အိပ်ချ်အိုင်ဗွီပိုးသတ်ဆေး ၂ မျိုးအပြင် အပြင်းစားတုပ်ကွေးရောဂါကုဆေးနဲ့ပါ ထပ်ပြီးကုသခဲ့တယ်လို့ ဆိုပါတယ်။  အဆိုပါ ဆေး ၃ မျိုးကို ရရှိတဲ့လူနာဟာ ဆေးရုံရောက်စက အခြေအနေ တဖြည်းဖြည်း ဆုတ်ယုတ်လာကြောင်း၊ တုပ်ကွေးရောဂါကုဆေးနဲ့ အိပ်ချ်အိုင်ဗွီပိုးသတ်ဆေး ပေါင်းကုရာမှာတော့ ၁၂ နာရီတွင်း လဲနေရာက ထထိုင်နိုင်ပြီး နောက်ထပ် ၁၂ နာရီကြာ (၄၈ နာရီ) အတွင်းမှာ အစာစားနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရာမှာ ပေါ့စ်တစ် (+)  အခြေအနေကနေ နဂ္ဂတစ်ပ် (–) ဖြစ်လာတာကို ဝမ်းမြောက်စွာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  ဒီကုထုံးသစ်ရဲ့ အောင်မြင်မှုကို ကျူလာလောင်ကွန်းဆေးတက္ကသိုလ်ကလည်း အတည်ပြုခဲ့ကြောင်း၊ ဒါပေမဲ့ လူနာကိုတော့ လုံးဝပျောက်ကင်းသွားပြီလို့ ပြောလို့မရသေးဘဲ သက်သာတယ်လို့တော့ ပြောလို့ရကြောင်း ဒေါက်တာကရိုင်းဆဒ်က ဆက်ပြောပါတယ်။  ဆက်လက်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် သီးသန့်ကုသပေးနိုင်မယ့် ဆေးကို ရှာဖွေနိုင်ဖို့ ဆေးသိပ္ပံဌာန သုတေသနပညာရှင်များနှင့် လက်တွဲပြီး စူးစမ်းဖော်ထုတ်သွားမယ်လို့ ရာ့ချ်ဝိထီဆေးရုံ ဆရာဝန်များအဖွဲ့က ပြောသွားပါတယ်။  ကိုးကား - ချနယ်လ် ၃ ထိုင်းတီဗွီ ၊ ထိုင်းပီဘီအက်စ်သတင်း
1 year Ago
Up