ရာအူးလ် ဟီမီနက်ဇ်

November 30, 2020

ဒေးဗစ်လူးဝစ္စနှင့် ထိခိုက်မိပြီး ဆေးရုံတင်ခဲ့ရသည့် ဟီမီနက်ဇ် ပြန်လည်သတိရ

အာဆင်နယ်နောက်ခံလူ ဒေးဗစ်လူးဝစ္စနဲ့ ပြင်းပြင်းထန်ထန်ဝင်တိုက်မိခဲ့တဲ့ ဝုဗ်တိုက်စစ်မှူး ရာအူးလ်ဟီမီနက်ဇ်ဟာ ဆေးရုံတင်ပို့ခဲ့ရပါတယ်။  တနင်္ဂနွေနဲ့ အမ်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ပွဲရဲ့ အစောပိုင်းမိနစ်မှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာပါ။  အာဆင်နယ်အသင်းရဲ့ ထောင့်ကန်ဘောပေးပို့မှုကို ရှင်းထုတ်ဖို့ကြိုးစားရင်း လူးဝစ္စနဲ့ ဟီမီနက်ဇ်တို့ တိုက်မိခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် မက္ကဆီကိုတိုက်စစ်မှူးဟာ ကွင်းထဲမှာတင် ၁၀ မိနစ်လောက် ကုသမှုခံယူခဲ့ရပါတယ်။ လူးဝစ္စဟာလည်း ဆေးကုမှုခံယူခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လည်သက်သာလာခဲ့ပြီး ပြန်လည်ကစားပေးနိုင်ခဲ့ပါတယ်။ ဟီမီနက်ဇ်ကို နှစ်ဖက်အသင်းလုံးရဲ့ ဆေးအဖွဲ့ဝင်တွေ ကုသပေးခဲ့ရတဲ့အထိ ထိခိုက်မှုပြင်းထန်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့ကိုအောက်စီဂျင်ပေးကာ လည်ပင်းအထိန်းနဲ့ ကွင်းထဲက ထွက်ခွာသွားခဲ့ရပြီး ကစားသမားရဲ့အခြေအနေကြောင့် ဝုဗ်နည်းပြ နူနိုဆန်းချက်ဇ် စိုးရိမ်ပူပန်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။  ကွင်းထဲက သယ်ထုတ်ပြီးပြီးချင်း ဟီမီနက်ဇ်ကို ဒေသတွင်းဆေးရုံဆီကို တိုက်ရိုက်သယ်ဆောင်သွားခဲ့ရတယ်လို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ထုတ်ပြန်အတည်ပြုပေးခဲ့ပြီး ကစားသမားကို ဖေဘီယိုဆေးလ်ဗားနဲ့ လူစားလဲခဲ့ရပါတယ်။  ဆေးရုံရောက်ပြီး တစ်နာရီလောက်ကြာမှ ဟီမီနက်ဇ်ဟာ ပြန်လည်သတိရခဲ့တယ်လို့ Sky Sports သတင်းမှာ ဖော်ပြထားပြီး ကစားသမားဟာ လက်ရှိအချိန်မှာတော့ တည်ငြိမ်တဲ့ အခြေအနေရှိနေတယ်လို့ ပြောပါတယ်။ ဟီမီနက်ဇ်နဲ့ ထိခိုက်မိခဲ့တဲ့ ဒေးဗစ်လူးဝစ္စဟာလည်း ထိခိုက်မှုဖြစ်ပြီးပြီးချင်းမှာ ကွင်းအတွင်း ဆက်လက်ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဦးခေါင်းပတ်တီးကနေ သွေးမတိတ်ခဲ့တာကြောင့် ဟိုးဒင်းနဲ့လူးစားလဲခဲ့ရပါတယ်။  ဒီပွဲမှာ ဝုဗ်အသင်းဟာ အာဆင်နယ်အသင်းကို နီတို၊ ပိုဒန်တို့ရဲ့ သွင်းဂိုးနဲ့အနိင်ရရှိခဲ့ပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုတော့ နောက်ခံလူ ဂါဘရီရယ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
6 months Ago

October 4, 2020

ဝုဗ်တိုက်စစ်မှူး ဟီမီနက်ဇ် ဝုဗ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး

တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ဟာ ဝုဗ်အသင်းနဲ့အတူ ၂၀၁၄ နွေရာသီအထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီး အပြောင်းအရွှေ့သတင်းတွေကို အဆုံးသတ်စေခဲ့ပါတယ်။  မက္ကဆီကိုတိုက်စစ်မှူးဟာ ဝုဗ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဥရောပထိပ်သီး အသင်းကြီးတစ်သင်းသင်းကို ရောက်ရှိတော့မယ်ဆိုတဲ့ ကောလာဟလတွေကိုဖြစ်စေခဲ့ပါတယ်။  မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းကြီးခဲ့ပါတယ်။  ဒါပေမယ့် ဝုဗ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရှင်က ဝုဗ်အသင်းမှာပဲ ဆက်နေသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။  ဟီမီနက်ဇ်ဟာ ဝုဗ်အသင်းအတွက် ၁၀၃ ပွဲကစားပြီး ၄၆ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။ စာချုပ် သစ်ချုပ်ဆိုပြီးနောက် ဟီမီနက်ဇ်က “ဒီလိုမျိုးအသင်းကောင်းတစ်သင်းမှာ ဆက်ရှိနေရတာ ကျနော်ဝမ်းသာ ပါတယ်။ ဒီလိုကစားဖို့၊ ဒီလိုနေထိုင်ဖို့ ကျနော်ကလေးဘဝကတည်းက မက်ခဲ့ရတဲ့အိပ်မက်ပါ။ ဒါ့ကြောင့် ကျနော်ဒီမှာဆက်ရှိနေတာပါ။ ဝုဗ်အသင်းဟာ ကျနော့်ကို ယုံကြည်မှုတွေနဲ့အတူ တိုက်စစ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခွင့်ပေးခဲ့ပါတယ်။ ဒါဟာ ကျနော်ဥရောပကို ရောက်လာကတည်းက လိုချင်နေတဲ့ အရာလည်း ဖြစ်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖို့ ကျနော်အကြာကြီး စဉ်းစားစရာမလိုခဲ့ပါဘူး။ ကျနော့်ဘက်ကလည်း ဒါကိုစောင့်မျှော်နေတဲ့အတွက် yes လို့ပဲ ပြောခဲ့တာပါ” လို့ အသင်းဝက်ဘ်ဆိုဒ်မှာ ပြောခဲ့ပါတယ်။  အသင်းအတွက်အကောင်းဆုံးတွေ စွမ်းဆောင်ပေးနေပြီး ထိပ်ဆုံး ၆ သင်းအဆင့်ကို ရောက်ရှိနိုင်တယ်လို့ ဟီမီနက်ဇ်က ပြောပါတယ်။ “ကျနော်တို့ ထိပ်ဆုံး ၆ သင်းအဆင့်ကိုရောက်ရှီနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဒီအကြောင်းကို  ပြောနေရုံနဲ့မရပါဘူ‌ေ၊ ကွင်းထဲမှာပါ သက်သေပြရပါမယ်။ အဆင့် ၆ အတွင်းဝင်ပြီး ဥရောပပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်ရမှာ တကယ်ကိုကောင်းပါတယ်။ ဒါဟာ ကျနော်တို့လိုချင်တဲ့အရာဖြစ်ပြီး ဒီအတွက်လည်း  ကျနော်တို့ ကြိုးပမ်းနေပါတယ်” လို့ ပြောပါတယ်။  ဝုဗ်အသင်းဟာ ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ဒီနေ့ မြန်မာစံတော်ချန် ည ၇ နာရီခွဲ လက်ခံကစားသွားရမှာဖြစ်ပါတယ်။ 
7 months Ago
Up