ရာသီဥတု ပြောင်းလဲမှု

October 23, 2021

ရာသီဥတုပြောင်းလဲမှုအရေး ဖြေရှင်းပေးရန် ဂျာမန်လူငယ်များ လမ်းပေါ်ထွက် တောင်းဆို

ရာနဲ့ချီတဲ့ ဂျာမန်လူငယ်တွေဟာ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းတဲ့ ဥပဒေတွေကို အကောင်အထည်ဖော်ဖို့ ဂျာမနီရဲ့ အစိုးရသစ် ခေါ်ယူဖို့ အောက်တိုဘာ ၂၂ ရက် သောကြာနေ့က ဘာလင်မြို့ရဲ့လမ်းတွေပေါ်မှာ စုဝေးတောင်းဆိုခဲ့ပါတယ်။ 

စက်တင်ဘာ ၂၆ ရက်က ဂျာမနီရဲ့ ဖက်ဒရယ်ရွေးကောက်ပွဲအပြီးမှာ ဆိုရှယ်ဒီမိုကရက်များ၊ လစ်ဘရယ်များနဲ့ ဂရင်းတွေဟာ လာမယ့်သီတင်းပတ်တွေအတွင်းမှာ ညွန့်ပေါင်းဖွဲ့မယ်လို့ မျှော်လင့်ရပါတယ်။ 

ရာသီဥတုပြောင်းလဲမှုဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ဆွေးနွေးမှုအများဆုံး ပြဿနာတွေထဲက ဖြစ်ပြီး ပါတီသုံးခုစလုံးဟာ ရာသီဥတုပြောင်းလဲမှုကို ဆန့်ကျင်ဖို့ ခိုင်မာတဲ့ ရပ်တည်ချက်တရပ်အဖြစ် ကတိပြုခဲ့ကြပါတယ်။ 

ဒါပေမဲ့ အစီအမံအသေးစိတ်တွေနဲ့ အနာဂတ်အတွက် ဥပဒေမူကြမ်း ပဏာမခြေလှမ်းတွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

ဆန္ဒပြလူငယ် ယိုနာစ်က “နေရာတိုင်းမှာ ဖြေရှင်းနေရတာ ရာသီဥတုကာကွယ်မှုအကြောင်းပဲ မဟုတ်ဘဲ ကမ္ဘာကြီးမှာ ရာသီဥတု တရားမျှတမှုရှိရေးအတွက် အခုလိုအပ်နေတဲ့ ဥပဒေတွေ ရှိဖို့လည်း ပါတယ်။ အနာဂတ် တချိန်ချိန်မှ လိုအပ်မယ်လို့ တွေးလို့မရဘူး” လို့  ဘာလင်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ရိုက်တာကို ပြောပါတယ်။

လေရဟတ်တွေအတွက် မြေကွက် နှစ်ရာခိုင်နှုန်း ခွဲဝေပေးရေးလိုမျိုး အစီအမံတွေ အပါအဝင် ရာသီဥတုဖောက်ပြန်မှု ဆန့်ကျင်ရေး အစီအမံတွေကို အကောင်အထည်ဖော်ဖို့ နှစ်ဘက် သဘောတူထားချိန်မှာ ဒီအစီအမံတွေကို ဘယ်လိုအတိအကျ အကောင်အထည်ဖော်မယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပေးရမယ်လို့လည်း ဆိုပါတယ်။ 

လူငယ်တွေရဲ့ ဒီစုဝေးပွဲကို Fridays for Future လှုပ်ရှားမှုအဖွဲ့အပြင် ရာသီဥတုပြောင်းလဲမှုနဲ့ တခြားသဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ တခြား အစပျိုးအဖွဲ့တွေလည်း စီစဉ်ခဲ့ပါတယ်။

3 months Ago
Up