ရာသီဥတုေ

June 18, 2015

တရုတ်တွင် မိုးသည်းထန် ရေကြီး၊ အဆောက်အအုံများ ပျက်စီး (ရုပ်သံ)

တရုတ်နိုင်ငံရဲ့ နေရာအစိတ်အပိုင်း အများစုမှာ ဇွန် ၁၇ ရက်နေ့က မိုးသည်းပြီး ရေကြီးနေလို့ ဒေသနဲ့ မြို့အများအပြားမှာ ယာဉ်ကြောပိတ်ခဲ့ပြီး အခြေခံ အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။ တရုတ်အလယ်ပိုင်း ဟဘေးပြည်နယ် ရီရှန်းမြို့နယ်မှာ ဇွန် ၁၇ ရက်နေ့က မိုးသည်းပြီး ဆိုးဆိုးရွားရွား ရေကြီးခဲ့လို့ လယ်ကွင်းတွေနဲ့ ရပ်ကွက်တချို့ ရေမြုပ်ခဲ့ပြီး မြစ်နားက အိမ်တလုံးကတော့ မြစ်ရေလျှံချိန် ရေစီးနဲ့ မျောပါသွားခဲ့တာပါ။ မြို့နယ်တွင်း လမ်းအတော်များများတလျှောက် မြေပြိုခဲ့လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံ ယာဉ်ကြောထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့က ဆောင်ရွက်ခဲ့ရပါတယ်။ အချိန် ၈ နာရီအတွင်း မိုးရေချိန် ၂၃ ဒသမ ၀၅ စင်တီမီတာထိ ရွာခဲ့တယ်လို့ ဒေသခံ မိုးလေဝသဌာနက အစီရင်ခံထားပါတယ်။ တရုတ်အရှေ့ပိုင်း ကျန်စုပြည်နယ်ရဲ့ မြို့တော် နန်ကျင်းက လမ်းတွေပေါ်မှာ ရေလျှံနေလို့ အာဏာပိုင်တွေက ရေစုပ်ပန့်တွေနဲ့ ရေတွေ ဖောက်ထုတ် အလုပ်ရှုပ်နေခဲ့ပါတယ်။ ချန်ကျိုးမြို့မှာတော့ မြစ်ရေကြီးနေတုန်း တံတားတစင်းအောက်က ဖြတ်သွားဖို့ ကြိုးစားတဲ့ သင်္ဘောတစီး မြစ်ရေပြင်နဲ့ တံတားကြားမှာ ညပ်နေခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက သင်္ဘောဝမ်းထဲ ရေတွေသွင်းပြီး သင်္ဘောနည်းနည်းမြုပ်အောင် လုပ်ပြီးမှ သင်္ဘောကို ဘေးလွတ်ရာ ဆွဲထုတ်ခဲ့ရပါတယ်။ တရုတ် အနောက်တောင်ပိုင်း ချုံချင်း စည်ပင်ဒေသမှာ အကြီးအကျယ်မြေပြိုလို့ လမ်းပေါ်က တက္ကစီ အငှားယာဉ်တစီး မြေပိနစ်မြုပ်ခဲ့ပါတယ်။ ကားမောင်းသမားကတော့ ကားထဲကနေ အထိအခိုက်မရှိ ထွက်လာနိုင်ခဲ့ပါတယ်။ မြို့တော်ပေကျင်းမှာ ဇွန် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မိုးမုန်တိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
6 years Ago
Up