ရာသီဥတုနဲ့ ပတ်သက်ပြီး ပိုမိုအားကောင်းတဲ့ ရည်မှန်းချက်တွေ ထားရှိဖို့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အီးယူနိုင်ငံတွေက ဦးဆောင်တိုက်တွန်းလိုက်ပါတယ်။
သီတင်းနှစ်ပတ်ကြာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုအရေး ဆွေးနွေးပွဲဟာ ပြီးဆုံးတော့မှာ ဖြစ်ပေမယ့် ပဲရစ် သဘောတူညီချက်နဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တွေအနေနဲ့ အငြင်းပွားမှုပေါင်း များစွာကို မဖြေရှင်းနိုင်ပါဘူး။
အားကောင်းတဲ့ သတင်းစကားကို သဘောမတူဘဲ အစည်းအဝေးကနေ ပြန်သွားလို့ မဖြစ်ဘူးလို့ အီးယူနိုင်ငံတွေကိုယ်စား ဖင်လန် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးက ပြောပါတယ်။
ချီလီနိုင်ငံ ရေးဆွဲတဲ့ နောက်ဆုံးထုတ်ပြန်ချက် မူကြမ်းတွေမှာ ကြန့်ကြာနေတဲ့ ပဲရစ် လုပ်ငန်းစဉ်ကို အရှိန်အဟုန်နဲ့ လုပ်နိုင်ဖို့ သန္နိဋ္ဌာန်ခိုင်မာမှု ကင်းမဲ့နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ကမ္ဘာကြီးရဲ့ ကာဗွန်ထုတ်လုပ်မှုဟာ မနှစ်က စံချိန်တင် မြင့်တက်ခဲ့တာနဲ့အတူ ကာဗွန်ဓာတ်ငွေ့ အများအပြား ထုတ်လုပ်တဲ့နိုင်ငံတွေအနေနဲ့ ရာသီဥတုဆိုင်ရာ သဘောတူညီချက် အောင်မြင်ရေးအတွက် လာမယ့်နှစ်မှာ ပိုမိုကြီးမားတဲ့ ကတိကဝတ်တွေ ပြုရမယ်လို့ ရာသီဥတုနဲ့ပတ်သက်ပြီး ပိုမိုလုပ်ဆောင်ဖို့ တိုက်တွန်းနေတဲ့ နိုင်ငံတွေက ပြောနေပါတယ်။
3 years Ago