ရာသီဥတုဆိုး

A d v e r t i s e m e n t With Us

January 10, 2021

ရာသီဥတုဆိုးရွားချိန် အိုဆာဆူနာနှင့် ကစားခိုင်းသည့်အပေါ် ဇီဒန်း ဒေါသထွက်

အိုဆာဆူနာနဲ့ပွဲကို ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ဝေဖန်ခဲ့ပါတယ်။  လက်ရှိအချိန်မှာ စပိန်နိုင်ငံဟာ ဖီလိုမီနာမုန်တိုင်းဒဏ်ခံနေရပြီး နိုင်ငံရဲ့ ဧရိယာအများစုဟာ လည်း နှင်းတွေနဲ့ ဖုံးလွှမ်းနေပါတယ်။  ဒါ့ကြောင့် စနေနေ့အစောပိုင်းမှာ ကစားမယ့် အက်သလက်တီကိုနဲ့ ဘီလ်ဘာကိုတို့ရဲ့ ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။  ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ အိုဆာဆူနာနဲ့ပွဲကို စီစဉ်ထားတဲ့အတိုင်း ကစားဖို့ ဖြစ်လာခဲ့ပြီး ပွဲအတွက် ပမ်ပလိုနာကို သွားခဲ့ရပါတယ်။  ဒီခရီးမှာ ရီးရဲလ်အသင်းသားတွေရဲ့ လေယာဉ်ဟာ ရှင်းလင်းမှုတွေကို စောင့်ဆိုင်းနေရ တာကြောင့် ၃ နာရီကျော် ကြန့်ကြာမှုလည်း ဖြစ်ခဲ့ပါတယ်။ ပမ်ပလိုနာဒေသဟာ စနေနေ့မှာ မုန်တိုင်းဒဏ်သင့်ခဲ့ပြီး အယ်လ်ဆာဒါမှာရှိတဲ့ ကွင်းဟာလည်း  ၂ သင်းစလုံးအတွက် ယှဉ်ပြိုင်ရ ခက်ခဲစေခဲ့ပါတယ်။  ဒါ့ကြောင့်ပွဲဟာ ဂိုး မရှိ သရေရလဒ်နဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီအခြေအနေကို နည်းပြဇီဒန်းက “ကျနော်တို့ ကွင်းထဲမှာ လုပ်နိုင်သလောက်လုပ်ခဲ့ပေမဲ့ ဒါဟာ ဘောလုံးပွဲနဲ့တောင် မတူခဲ့ပါဘူး။ အခြေအနေတွေဟာ အရမ်းကို ဆိုးရွားခဲ့ပါတယ်” လို့ ပြောပါတယ်။  မက်ဒရစ်မြို့မှာလည်း နှင်းဒဏ် ခံနေရတာကြောင့် ရီးရဲလ်အသင်းသားတွေဟာ စနေနေ့မှာ မြို့တော်ကို ပြန်နိုင်မှာမဟုတ်ဘဲ ပမ်ပလိုနာက ဟိုတယ်မှာပဲ ဆက်လက်နေထိုင်ရမှာဖြစ်ပါတယ်။ ဇီဒန်းက “ ဒီ ၂ ရက်အတွင်းဖြစ်ခဲ့တာတွေက အရမ်းကို ရှုပ်ထွေးလွန်းပါတယ်။ အခုချိန်အထိ ဘယ်တော့မှ ပြန်ရမလဲဆိုတာကိုလည်း မသိရသေးပါဘူး။ အိုဆာဆူနာနဲ့ပွဲကိုလည်း  ရွှေ့ဆိုင်းလိုက်သင့်တာပါ။ ဒါကအရှင်းကြီးပါ။ ရာသီဥတုအခြေအနေက ဘောလုံးကစားဖို့ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။  စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ရာသီဥတုဆိုးရွားနေပေမယ့် အခုသီတင်းပတ်ကုန်ပိုင်းမှာ ရနိုင် သလောက်ပွဲတွေကို ကစားဖို့ တွန်းအားပေးခဲ့တာပါ။ ဒီအခြေအနေအပေါ် ဇီဒန်းက “ဒီကိစ္စကိုတော့ ပြောမှာမဟုတ်ပါဘူး။ ကျနော်တို့ကို လုပ်ဖို့ပြောတဲ့ ဟာတွေကို လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်ကစားခဲ့ပါတယ်။ ဒီလောက်ပါပဲ” လို့ ပြောပါတယ်။  ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ ကိုပါဒယ်ရေးပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ အယ်လ်ကိုရန်နို အသင်းနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
2 months Ago
Up