ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအန္တရာယ်ကြောင့် ကမ္ဘာတဝန်း နိုင်ငံတိုင်းလိုလို ပြည်တွင်းဘောလုံးကလပ်အသင်း ဆုဖလား ဘောလုံးပြိုင်ပွဲတွေ ရပ်ဆိုင်းထားပေမယ့် ဗိုင်းရပ်စ်ကူးစက်ခံရမှု မရှိသေးတဲ့ တာဂျစ်ကစ္စတန်နိုင်ငံမှာ လိဂ်ပြိုင်ပွဲ ရာသီအဖွင့်ဖလားပွဲကို ဧပြီလ ၄ ရက်က ကျင်းပခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဗဟိုအာရှဒေသရဲ့နိုင်ငံတခုဖြစ်တဲ့ တာဂျစ်ကစ္စတန်ရဲ့ မြို့တော် ဒူရှန်ဘီမှာ ကျင်းပခဲ့တဲ့ ရာသီအဖွင့်ဖလားပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပခဲ့ပြီး တနင်္ဂနွေနေ့စတင်မယ့် လိဂ်အဖွင့် ပွဲစဉ် ၃ ခုကိုလည်း ကွင်းပိတ်ကစားသွားမယ်လို့ သိရပါတယ်။
တာဂျစ်ကစ္စတန်ဟာ နယ်စပ်တွေအားလုံးကို ပိတ်ထားပြီး နိုင်ငံခြားသားတွေအတွက် အလုပ်လုပ်ခွင့်ပါမစ်ကိုလည်း ရပ်ဆိုင်းထားပါတယ်။
ဒါပေမဲ့ တာဂျစ်လိဂ်ရဲ့ အသင်း ဆယ်သင်းစလုံးမှာ ပြည်ပက ခေါ်ယူထားတဲ့ နိုင်ငံခြား ကစားသမား ၄၂ ဦး ရှိပါတယ်။
တာဂျစ်ကစ္စတန်မှာ ဒီနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတယောက်မှ မပေါ်ထွက်သေးပေမယ့် အိမ်နီးချင်း ဗဟိုအာရှနိုင်ငံ ဥဇဘက်ကစ္စတန်မှာတော့ ပြည်ပကနေ ကူးစက်ခံလာရသူ အယောက် ၂၀ ရှိထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago