ရာမို့စ်

June 3, 2019

ရာမို့စ် ရီးရဲလ်တွင်ဆက်ရှိရေး နည်းပြ ဇီဒန်း စည်းရုံးခဲ့

ရီးရဲလ်နောက်ခံလူ ရာမို့စ်အနေနဲ့ တရုတ်စူပါလိဂ်ကလပ်ကို မပြောင်းဘဲ ဘာနေဗျူးမှာပဲ ဆက်ရှိနေဖို့ နည်းပြဇီဒန်းက ပုဂ္ဂိုလ်ရေးအရ စည်းရုံးခဲ့ရတယ်လို့ သိရပါတယ်။ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်အချိန်မှာ တရုတ်စူပါလိဂ် ကလပ်အသင်းတသင်းရဲ့ မက်မောလောက်တဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းချက်ကို စိတ်ဝင်စားခဲ့ပေမယ့် မထင်မှတ်ဘဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝ အဆုံးသတ်ချင်တယ်လို့ ပြောကြားလိုက်တာပါ။ အသက် ၃၃ နှစ်အရွယ်ရှိ ရာမို့စ်ဟာ အသင်းဥက္ကဋ္ဌ ပီရက်ဇ်နဲ့ တင်းမာမှုတချို့ ရှိထားတာကြောင့်လည်း နည်းပြဇီဒန်းက ကြားဝင် ဖျန်ဖြေပေးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသင်းရဲ့ အနာဂတ်စီမံကိန်းမှာ ရာမို့စ် ပါဝင်နေသေးကြောင်း ဇီဒန်းက အတည်ပြုခဲ့တာကြောင့် အနာဂတ်မှာ ရာမို့စ်ကို ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်အဖြစ် ဆက်လက်မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ရာမို့စ်ကိုခေါ်ယူဖို့ တရုတ်စူပါလိဂ် ကလပ်တွေအပြင် ချန်ပီယံလိဂ်ဖလား ပူပူနွေးနွေး ရရှိထားတဲ့ လီဗာပူးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ရာမို့စ်ဟာ အသက် ၁၉ နှစ်ကတည်းက မက်ဒရစ်မြေမှာ အခြေချခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် သမိုင်းတလျှောက် အချိန်အကြာဆုံး ကစားပေးထားသူလည်း ဖြစ်ပါတယ်။
3 years Ago

May 30, 2019

ရာမို့စ်နေရာ အစားထိုးရန် အေဂျက်အသင်းခေါင်းဆောင် ဒီလစ်ကို ရီးရဲလ် ပစ်မှတ်ထား

ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာမို့စ်နေရာ အစားထိုးဖို့အတွက် အေဂျက် အသင်းခေါင်းဆောင် ဒီလစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ကတ်တလန်သတင်းစာတစောင်ဖြစ်တဲ့ မန်ဒိုဒီပို့တီဗိုရဲ့ အဆိုအရ ရီးရဲလ်အသင်းဟာ ဒီလစ်ကို ခေါ်ယူနိုင်ရေးအတွက် အဓိကဦးစားပေး လုပ်ဆောင်သွားမှာဖြစ်ပြီး ရာမို့စ်မရှိတဲ့ နောက်ပိုင်း နောက်ခံလူ ဗာရန်းနဲ့ တွဲဖက်ကစားစေဖို့ ရည်မှန်းထားတယ်လို့ ဖော်ပြပါတယ်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးပေမယ့် ခြေစွမ်းပြသနေတဲ့ ဟော်လန်လက်ရွေးစင် ဒီလစ်ကို ဘာစီလိုနာနဲ့ မန်ယူအသင်းတွေကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်ထားတာကြောင့် ကစားသမားအတွက်လည်း စဉ်းစားရကျပ်နေပါတယ်။ ဒီလစ်ကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်ဟာ အကောင်းဆုံးလိဂ် ဖြစ်သလို စပိန်လာလီဂါနဲ့ တခြားလိဂ်တွေဟာလည်း အလားတူပဲဖြစ်တယ်လို့ ဝန်ခံထားပြီး ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ သူကိုယ်တိုင်တောင် မသိဘူးလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။ အေဂျက်အသင်းဟာ ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ကနေ ၉၀ ကြား သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
3 years Ago
More News
Up