ရာဘာကျည်သုံး ဖြိုခွဲ

September 17, 2017

စိန့်လူးဝစ္စမြို့ ဆန္ဒပြပွဲ ရဲက မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်သုံး ဖြိုခွဲ

အမေရိကန်နိုင်ငံ စိန့်လူးဝစ္စမြို့မှာ သံသယရှိ လူမည်းတဦးအား သတ်ခဲ့တဲ့ လူဖြူရဲအရာရှိတဦးကို တရားရုံးကနေ အပြစ်မရှိဘူးလို့ သတ်မှတ်ပြီး ကွင်းလုံးကျွတ်လွှတ်ပေးလိုက်တာကြောင့် ဆန္ဒပြသူတွေနဲ့ ရဲတွေ အဓိကရုဏ်းဖြစ်ခဲ့ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ရာဘာကျည်တွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။   အမေရိကန်နိုင်ငံ မစ်ဆိုရီ ပြည်နယ်ထဲက စိန့်လူးဝစ္စမြို့မှာ သံသယရှိသူလူမည်းတဦးအား သတ်ခဲ့တဲ့ လူဖြူရဲအရာရှိ ဂျေဆင်စတော့ကလေ (Jason Stockley) ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ တရားရုံးကနေ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ကာ လွှတ်ပေးခဲ့တာကြောင့် လူ ၆၀၀ လောက်ကဆန္ဒပြခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့အစောပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပေမယ့် နောက်ပိုင်းမှာ အနားကစာကြည့်တိုက်၊ စားသောက်ဆိုင်နဲ့ အိမ်တွေက မှန်တွေရိုက်ခွဲပြီး ရဲတွေကို ပုလင်းတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတွေက ရာဘာကျည်နဲ့ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ရတာပါ။ လွန်ခဲ့တဲ့ ၃ နှစ်ကလည်း စိန့်လူးဝစ္စမြို့ထဲက ဖာဂူဆန်မြို့နယ်မှာ သံသယရှိတဲ့ လူမည်းတဦးကို လူဖြူရဲအရာရှိတဦးက ပစ်သတ်ခဲ့ဖူးတာကြောင့် အခုတကြိမ်မှာ နိုင်ငံအနှံ့ ဒေါသတကြီး ငြင်းခုန်မှုတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရဲအရာရှိ Stockley က ပစ်သတ်ခံရသူ မောင်းလာတဲ့ယာဉ်ကို မူးယစ်ဆေးဝါးရှာဖွေရေးအတွက် တားဆီးစဉ်မှာ မရပ်တန့်ဘဲ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် Stockley က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အသတ်ခံရသူကတော့ ကားပေါ်မှာတင် သေနတ် ၅ ချက် ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားစဉ်က သံသယရှိသူလက်ထဲမှာ လက်နက်ရှိတယ်လို့ ယူဆတာကြောင့် Stockley က သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်မှာလည်း သေနတ်တစ်လက်တွေ့ခဲ့တယ်လို့ Stockley ရဲ့ ရှေ့နေက လျှောက်ကြားခဲ့ပါတယ်။ တရားလို ရှေ့နေကတော့ အဲဒီသေနတ်ဟာ အသတ်ခံခဲ့ရသူရဲ့ သေနတ်မဟုတ်ဘဲ Stockley က တမင်လုပ်ကြံထည့်လိုက်တာ ဖြစ်တယ်လို့ ပြန်လည်စွပ်စွဲခဲ့ပေမယ့် Stockley ရဲ့အမှုက လူသတ်မှု မမြောက်ဘူးလို့ တရားရုံးက ဆုံးဖြတ်ပေးလိုက်တာ ဖြစ်ပါတယ်။
4 years Ago
Up