ရာနှင့်ချီ အပြိုင်လှည့်လည်

September 30, 2020

မြောင်းမြတွင် ကြံ့ခိုင်ရေးနှင့် အန်အယ်လ်ဒီ ထောက်ခံသူ ရာနှင့်ချီ အပြိုင်လှည့်လည်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှာ စက်တင်ဘာ ၂၉ ရက်က အင်အားကြီးပါတီ ၂ ခုဖြစ်တဲ့ အန်အယ်လ်ဒီပါတီနဲ့  ကြံ့ခိုင်ရေးပါတီ ထောက်ခံဝန်းရံသူတွေဟာ မြို့အတွင်း အပြိုင်လှည့်လည် အင်အားပြခဲ့ကြပါတယ်။ မြောင်းမြမြို့ ကွယ်လွယ်၊ မြဟေမာရပ်ကွက်နဲ့ မြစန္ဒာရပ်ကွက်ရှိ ပါတီ ၂ ခုရဲ့ ရပ်/ကျေးရုံးတွေ ဖွင့်ပွဲပြုလုပ်အပြီဂမှာ  အန်အယ်လ်ဒီ ပါတီဝန်းရံသူ ၁၅၀ ကျော်နဲ့ ကြံ့ခိုင်ရေးပါတီ ဝန်းရံသူ ၅၀၀ ကျော်တို့က အင်အားပြ လှည့်လည်ခဲ့တာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေ ထံက သိရပါတယ်။ မြောင်းမြမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုက “ပါတီတာဝန်ရှိသူတွေက အင်အားပြလှည့်လည်တာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။ ကား ၄ စီး၊ ထော်လာဂျီ ၂ စီးနဲ့ ကျန်တာက ဆိုင်ကယ်တွေနဲ့ ထွက်ကြတာ။ ဝန်းရံသူတွေက ဘယ်လိုမှ ပြောလို့မရဘူး။ အခုလို အင်အားပြ ထောက်ခံတာတွေက ရွေးကောက်ပွဲအတွက်လည်း အဓိကမကျပါဘူး။ အိမ်ထဲမှာပဲ နေကြပါ” လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ လူ ၃၀ ထက်ပိုမစုဖို့နဲ့ ပြည်သူတွေ အသွားအလာ၊ အရောင်းအဝယ်တွေ ကန့်သတ်တားမြစ်ထားချိန်မှာ ခုလိုနိုင်ငံရေးပါတီတွေကို ဝန်းရံ ထောက်ခံသူတွေက လူစုလူဝေး ပြုလုပ်ပြီး ထောက်ခံအင်အားပြ လှည့်လည်မှုတွေ ပြုလုပ်နေတာကို မြို့ခံပြည်သူတွေက ထိတ်လန့်စိုးရိမ်နေတယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမြင့်နိုင်ကတော့  နိုင်ငံရေး ပါတီထောက်ခံဝန်းရံသူတွေ ထောက်ခံအင်အားပြ လှည့်လည်တာတွေနဲ့ ပတ်သက်ပြီး တင်ပြတာတွေ မရှိသလို ခွင့်ပြုထားတာလည်း မရှိဘူးလို့ ဒီဗွီဘီကို  ပြောပါတယ်။ မြောင်းမြခရိုင်ပြည်သူ ဆေးရုံကြီးမှာ စက်တင်ဘာလ ၂၉ ရက် ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ကုသမှုခံယူနေတယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)
8 months Ago
Up