ရာထူး ပြန်ခန့်

September 3, 2020

ထိုင်းဘုရင် ကြင်ရာတော်ကို ရာထူး ပြန်ခန့်

ထိုင်းဘုရင် မဟာဝဂျီရာလောင်ကွန်ဟာ လွန်ခဲ့တဲ့ တနှစ်နီးပါးက အရာချခဲ့တဲ့ တော်ဝင် ကြင်ယာတော်ကို တရားဝင်ဘွဲ့နဲ့ စစ်ဘက်ရာထူးတွေ ပြန်ခန့်အပ်လိုက်တယ်လို့ စက်တင်ဘာ ၂ ရက်က နန်းတော်က ကြေညာပါတယ်။  သူဟာ သစ္စာမစောင့်သိမှုနဲ့ စွပ်စွဲခံရပြီးတဲ့နောက် အများပြည်သူ မြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာ တနှစ်နီးပါး ရှိပါပြီ။  ထိုင်းနိုင်ငံအတွင်း ဘုရင်သြဇာကို အသစ်တိုးချဲ့လာမှုကို ထိန်းချုပ်ကန့်သတ်ဖို့ တောင်းဆိုတဲ့ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ အရှိန်မြင့်နေချိန်မှာ ခုလိုကြေညာချက် ထွက်လာခဲ့တာပါ။  နတ်ဘုရားတပိုင်းလို ကိုးကွယ်ခံရတဲ့ ဘုရင့်သြဇာကို ကန့်သတ်ရေးဟာ ရှေးရိုးစွဲအစဉ် အလာဝါဒီတွေကြီးစိုးရာ ထိုင်းနိုင်ငံအတွင်း အရင်တုန်းက မပြောကောင်းတဲ့အရာအဖြစ် ရှိနေခဲ့ပါတယ်။  အသက် ၃၅ နှစ်အရွယ် စီးနီနတ်ဝုန်ဗဂျိရာပတ်ခ်ဒီဟာ မနှစ်က အောက်တိုဘာမှာ တော်ဝင် ကြင်ယာတော်ဘွဲ့ ရုပ်သိမ်းခံရပြီး မိဘုရား စုသီဒါကို ပြိုင်ဆိုင်တဲ့ ကျေးဇူးမသိတတ်သူလို့ တော်ဝင် ကြေညာချက်ထဲမှာ ဖော်ပြခံခဲ့ရပါတယ်။  ဒါပေမယ့် စက်တင်ဘာ ၂ ရက်က ထုတ်ပြန်တဲ့အစိုးရရဲ့ တော်ဝင်ဂေဇက်ထဲက ကြေညာချက်မှာတော့ စီးနီနတ်ဟာ အပြစ်ကင်းစင်လို့ တော်ဝင်ကြင်ယာတော် ဘွဲ့သာမက အရင်တုန်းက နန်းတွင်းမှာ ရထားတဲ့ ရာထူးတာဝန် အားလုံးကို ပြန်ထမ်းဆောင်ခွင့် ပြုလိုက်တယ်လို့ ဆိုပါတယ်။  ဒီအမိန့်ဟာ သြဂုတ် ၂၈ ရက်ကစပြီး အသက်ဝင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြ ပါတယ်။
1 year Ago
Up