ရာထူးသက်တမ်းမကုန်မီ နုတ်ထွက်ပေးမည်ဟု တောင်ကိုရီးယားသမ္မတ ပြော

November 29, 2016

ရာထူးသက်တမ်းမကုန်မီ နုတ်ထွက်ပေးမည်ဟု တောင်ကိုရီးယားသမ္မတ ပြော

ရာထူးကနုတ်ထွက်ပေးဖို့ တောင်ကိုရီးယားပြည်သူတွေ တောင်းဆိုနေတဲ့ သမ္မတ ပတ်ဂျုံဟေးက သူ သက်တမ်းမကုန်ခင် နုတ်ထွက်ပေးမယ်လို့ နိုဝင်ဘာ ၂၉ ရက်မှာ ပြောဆိုပါတယ်။ သူ တာဝန်က နုတ်ထွက်ပေးနိုင်အောင်လည်း စီစဉ်ပေးဖို့ သမ္မတက လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။ သမ္မတ ပတ်ဂျုံဟေးဟာ အစိုးရစီမံခန့်ခွဲမှုတွေမှာ သူ့ရဲ့အရင်းနှီးဆုံး အမျိုးသမီးမိတ်ဆွေတဦးကို နောက်ကွယ်ကနေ စီမံခန့်ခွဲခွင့်ပေးခဲ့တယ်လို့ စွပ်စွဲခံနေရပြီး တောင်ကိုရီးယားပြည်သူတွေကလည်း နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေကြတာပါ။ သူ့ရဲ့ သမ္မတသက်တမ်းမကုန်ခင် နုတ်ထွက်ပေးမှာဖြစ်ပေမယ့် အစိုးရအပြောင်းအလဲမှာ အာဏာလစ်ဟင်းမှုတော့ မဖြစ်စေချင်ဘူးလို့ နိုဝင်ဘာ ၂၉ ရက်က ရုပ်သံမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။ လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့မှာ သူ့ကို တရားစွဲဆိုသင့်မသင့် လွှတ်တော်က ဆွေးနွေးဖို့လည်း ရှိပါတယ်။ အတိုက်အခံတွေကတော့ သမ္မတ ရုံးတင်ခံရတဲ့အဆင့်အထိ မရောက်ခင် နုတ်ထွက်သင့်တယ်လို့ ပြောဆိုနေကြတာပါ။ သမ္မတဟာ သူ အခုလိုစွပ်စွဲခံရတာတွေနဲ့ပတ်သက်ပြီး ရုပ်သံကနေ ၂ ကြိမ် တောင်းပန်ခဲ့ပြီးဖြစ်ပေမယ့် နုတ်ထွက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ သူနုတ်ထွက်ပေးမယ်လို့ ပြောဆိုပေမယ့် အာဏာအပြောင်းအလဲ ဖရိုဖရဲမဖြစ်အောင် ပါလီမန်က အစီအစဉ်ဆွဲဖို့လည်း ပြောဆိုပါတယ်။ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရကတော့ လူထုတောင်းဆိုတာက သူ ချက်ချင်းနုတ်ထွက်ပေးဖို့ဖြစ်ပြီး အချိန်ဆွဲတာ၊ ပါလီမန်ကို တာဝန်ပေးတာတွေ လုပ်ဖို့မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
6 years Ago
Up