ရာထူးမှ နုတ်ထွက်ရေး

October 26, 2020

ထိုင်းဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် အတိုက်အခံပါတီခေါင်းဆောင် တိုက်တွန်း

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာ ရာထူးက နုတ်ထွက်ဖို့ ထိုင်းရဲ့ အကြီးဆုံး အတိုက်အခံပါတီက လွှတ်တော်အထူးအစည်းအဝေးအတွင်း အောက်တိုဘာ ၂၆ ရက်က တိုက်တွန်း ပြောလိုက်ပါတယ်။ လချီကြာနေတဲ့ ဆန္ဒပြပွဲတွေအရေး ဆွေးနွေးဖို့ အကြီးဆုံးအတိုက်အခံ ပွေထိုင်းပါတီ ခေါင်းဆောင် ဆုမ်ပွန်အာမွန်ဝီဝက်က ဒီနေ့မနက် လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူချိန်မှာ ခုလို ပြောလိုက်တာပါ။ “ဝန်ကြီးချုပ်ဟာ တိုင်းပြည်အတွက် အကြီးစား အနှောင့်အယှက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်။ ကျေးဇူးပြုပြီး နုတ်ထွက်ပေးပါ။ အားလုံး ကောင်းကောင်း အဆုံးသတ်သွားပါလိမ့်မယ်။” ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ ကနဦးက ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရေးနဲ့ အခြေခံဥပဒေသစ် ရေးဆွဲရေး တောင်းဆိုနေကြတာပါ။ နောက်ပိုင်းမှာ ဘုရင် ဝဂျီရာလောင်ကွန်ရဲ့ သြဇာကို ထိန်းချုပ်ဖို့  စည်းမျဉ်းခံဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကိုပါ ဆက်ပြီး တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေကို တားမြစ်ပိတ်ပင်မှု အပါအဝင် ဆန္ဒပြပွဲတွေ အဆုံးသတ်ရေး အောက်တိုဘာ ၁၅ ရက်က အရေးပေါ်အခြေအနေ ကြေညာခဲ့အပြီးမှာ လူထုရဲ့ ဒေါသ မီးလောင်ရာလေပင့် ဖြစ်ခဲ့လို့ လူထောင်သောင်းချီ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ်က ဒီသီတင်းပတ်ထဲမှာ လွှတ်တော်ကို ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ အတိုက်အခံတွေနဲ့ ဆန္ဒပြခေါင်းဆောင်တွေက လွှတ်တော်အစည်းအဝေးဟာ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မလားဆိုတာ သံသယရှိနေပါတယ်။ လွှတ်တော်အတွင်း လူများစုက ဝန်ကြီးချုပ်ကို ထောက်ခံသူတွေဖြစ်ပြီး အထက်လွှတ်တော်အတွင်း လူများစုကို အရင်စစ်အစိုးရလက်ထက်က လက်ရွေးစင် ရွေးချယ် ခန့်အပ်ထားတာလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
2 years Ago
Up