လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်အပြီး ရာဇဝတ်သားအဖြစ် သံသယရှိသူတွေကို လွှဲပြောင်းပေးမယ့် ဥပဒေမူကြမ်း အသက်မဝင်တော့ဘူးလို့ ဟောင်ကောင်အကြီးအကဲက ပြောလိုက်ပါတယ်။
ဆယ်စုနှစ်တွေအတွင်း ဟောင်ကောင်မှာ အကြီးဆုံး နိုင်ငံရေးအကျပ်အတည်း ဖြစ်စေခဲ့တဲ့ ရာဇဝတ်သား သံသယရှိသူကို လွှဲပြောင်းပေးမယ့် ဥပဒေမူကြမ်းဟာ အသက်မဝင်တော့ဘူးလို့ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်က ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။
"အစိုးရရဲ့ တုံ့ပြန်မှုဟာ ပြည်သူတွေရဲ့၊ အထူးသဖြင့် ဆန္ဒပြသူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီချင်မှ ကိုက်ညီမယ်ဆိုတာ အပြည့်အဝ နားလည်ပါတယ်။ အစိုးရဟာ အချက်အလက်တွေ၊ စိုးရိမ်မှုတွေ အမျိုးမျိုးအပေါ် အပြည့်အဝ ဆင်ခြင်နှိုင်းချိန်ပြီးမှ ကောက်ချက်ချခဲ့တာပါ။ လက်ရှိအခြေအနေကို တိုးတက်အောင် ကြိုးစားဖို့နဲ့ ချောင်ပိတ်နေတဲ့ အခြေအနေကနေ ဟောင်ကောင်ကို ဆွဲထုတ်ဖို့ ကျေးဇူးပြုပြီး ကျမတို့ကို အခွင့်အရေး၊ အချိန်နဲ့ နေရာပေးဖို့ ရိုးရိုးသားသား မေတ္တာရပ်ခံပါတယ်" လို့ ကယ်ရီလမ်က ပြောပါတယ်။
ဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ အစိုးရရဲ့လုပ်ရပ်ဟာ အကြွင်းမဲ့ကျရှုံးခြင်းပဲလို့လည်း သူက ဝန်ခံလိုက်ပါတယ်။
တရုတ်ပြည်မကြီးက သံသယရှိတဲ့ ဟောင်ကောင်ကသူတွေကို တရုတ်ပြည်မကြီးက တရားရုံးမှာ စစ်မေးဖို့ လွှဲပေးခွင့်ပြုမယ့် ဥပဒေမူကြမ်းကြောင့် ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်မှာ လူသန်းချီ ဆန္ဒပြခဲ့တာပါ။
လူထုဆန္ဒပြပွဲတွေ အကြီးအကျယ် ဆင်နွှဲခဲ့လို့ ဇွန်လလယ်မှာ ဒီဥပဒေမူကြမ်းကို ဆိုင်းငံ့ကြောင်း ကယ်ရီလမ်က ပြောဆို တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဆိုင်းငံ့ရုံနဲ့ မလုံလောက်ဘဲ ဥပဒေမူကြမ်းကို အပြီးတိုင် ရုပ်သိမ်းဖို့နဲ့ ကယ်ရီလမ် ရာထူးကနေ နုတ်ထွက်ဖို့ ဆက်ဖိအားပေး တောင်းဆိုခဲ့ကြတာပါ။
ဟောင်ကောင်ဟာ ဗြိတိန်လက်အောက်ကနေ ၁၉၉၇ မှာ တရုတ်ပြည်မကြီး လက်အောက်ကို တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒနဲ့ အုပ်ချုပ်မယ့်ကတိနဲ့ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
2 years Ago