ရာဇဝတ်သား

March 24, 2019

ရာဇဝတ်သား၏ ငယ်ဘဝဓာတ်ပုံ တင်ခဲ့သည့် တရုတ်ရဲတပ်ဖွဲ့ ဝေဖန်ခံရ

ဒိတ်ဒိတ်ကြဲ ရာဇဝတ်သားတွေသာ ပါဝင်တဲ့ အလိုရှိသူစာရင်းမှာ အသက်လေးနှစ်အရွယ် ကလေးငယ်တဦးရဲ့ပုံကို တင်ခဲ့လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဇန်ရှောင်းရဲတပ်ဖွဲ့ဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ ဇန်ရှောင်းရဲတပ်ဖွဲ့ဟာ ဂျီကွင်ဟိုင်းလို့ခေါ်တဲ့ အသက် ၁၇ နှစ်အရွယ် ရာဇဝတ်သားတဦးကို ကာလရှည်လိုက်လံဖမ်းဆီးနေပေမယ့် အခုချိန်ထိ မဖမ်းမိနိုင်သေးပါဘူး။ အဲဒါကြောင့် ရဲတပ်ဖွဲ့ဟာ ဂျီကို သူတို့ဝက်ဘ်ဆိုဒ်ရဲ့ အလိုရှိသူစာရင်းမှာ တင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာတခုက ရဲတပ်ဖွဲ့မှာ ဂျီရဲ့ လူကြီးဓာတ်ပုံ ရှိမနေတာပါပဲ။ ဒါ့ကြောင့် ရဲတပ်ဖွဲ့ဟာ သူတို့မှာရှိနေတဲ့ ဂျီရဲ့ ငယ်ဘဝဓာတ်ပုံကို ဝက်ဘ်ဆိုဒ်ပေါ် တင်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ကြောင့်ပဲ ပြည်သူတွေရဲ့ ပြစ်တင်ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ မတ်လ ၁၉ ရက် မှာတင်ခဲ့တဲ့ ဓာတ်ပုံမှာ ဂျီကို အပြစ်ကင်းစင်သေးတဲ့ မူကြိုအရွယ် ကလေးတယောက်အနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး သူ့ကို အရွယ်ရောက်ပြီးသူတွေသာ ရှိတဲ့ အလိုရှိသူစာရင်းမှာ တင်လိုက်တဲ့အခါ ဒီပုံဟာ အင်တာနက် အသုံးပြုသူတွေကြားမှာ တော်တော်လေးကို ရိုက်ခတ်မှု ဖြစ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ဟာ မတ်လ ၂၀ ရက်မှာ သူတို့ရဲ့အခက်အခဲကို ရှင်းလင်းပြောကြားခဲ့ပြီး ဒီရှင်းလင်းမှုကြောင့်ပဲ ပြည်သူတွေရဲ့ ဝေဖန်မှုဟာ ပိုမိုပြင်းထန်လာခဲ့ရပါတယ်။ တရုတ်အင်တာနက် အသုံးပြုသူတွေက ဒီလိုကလေးပုံကို တင်ထားတော့ အရွယ် ရောက်ပြီးနေပြီဖြစ်တဲ့ ဂျီကို ဘယ်လိုမှတ်မိနိုင်မလဲလို့ မေးခွန်းထုတ်ခဲ့ကြပြီး တချို့ကလည်း ပုံကိုတောင်မရှာနိုင်ဘဲနဲ့ လူကို ဘယ်လိုဖမ်းမလဲလို့ လှောင်ပြောင်သရော်ခဲ့ကြပါတယ်။ ဂျီရဲ့ ကလေးဘဝဓာတ်ပုံဟာ တရုတ်နိုင်ငံရဲ့ WeChat၊  Weibo နဲ့ အခြားသော လူမှုကွန်ရက်တွေမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပြီးတော့ ဇန်ရှောင်းရဲတပ်ဖွဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုသူအရေအတွက် သိသိသာသာမြင့်တက်ခဲ့ပြီး ဒီဖြစ်ရပ်မတိုင် ခင်ကလည်း ဂျီလိုမျိုး ရာဇဝတ်သားနှစ်ဦးရဲ့ ကလေးဘဝဓာတ်ပုံတွေကို တင်ထားဖူးတာလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် တရုတ်ပြည်သူတွေက ဇန်ရှောင်းရဲတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်လှောင် ပြောင်ခဲ့တာကြောင့် ရဲတွေဟာ သူတို့ဝက်ဘ်ဆိုဒ်က ဓာတ်ပုံတွေကို မတ်လ ၂၁ ရက်မှာ ပြန်ဖြုတ်ချခဲ့ရပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ကို သင်ခန်းစာယူကာ နောက်ဆိုဒီလိုမဖြစ်အောင် ရှောင်ကြဉ်ပါ့မယ်လို့ လည်း ပြန်လည် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
2 years Ago
Up