ရာဇဝတ်မှု

May 23, 2019

မြိတ်ခရိုင်တွင် ရာဇဝတ်မှု ပိုများလာဟု နယ်လုံဝန်ကြီးပြော

မြိတ်ခရိုင်ထဲမှာ ရာဇဝတ်မှုတွေ အရင်ကထက် များလာတယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောပါတယ်။ မေလ ၂၃ ရက်က ပြုလုပ်တဲ့ တနင်္သာရီတိုင်း အစိုးရအဖွဲ့နဲ့ မြိတ်မြို့လူထု တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။ တနင်္သာရီတိုင်းထဲမှာ ခရိုင်သုံးခုရှိတဲ့ထဲက မြိတ်မြို့ဟာ လူဦးရေအများဆုံးဖြစ်ပြီး မှုခင်းလည်း စံချိန်တင်များပြားတဲ့ မြို့နယ်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ၄ လပိုင်းအထိ ပြစ်မှုကြီး ၅ မှု၊ အခြားအမှု ၁၁၀ မှု၊ ကြိုတင်ကာကွယ်မှု ၁၃၃၈ မှု၊ မူးယစ်ဆေးဝါးမှု ၁၀၂ မှု၊ ယာဉ်တိုက်မှု ၄၇ မှု ဖြစ်ပွားခဲ့ပြီး ခရိုင်တခုလုံးမှာ စံချိန်တင်ခဲ့တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးမှုမှာတော့ မြိတ်ခရိုင်က ပထမ အများဆုံးဖြစ်နေပြီး ကော့သောင်းခရိုင်က ဒုတိယအများဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရဲတပ်ဖွဲ့အင်အား လုံလောက်မှုမရှိတာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ကိုလည်း အစိုးရအဖွဲ့က အဆိုပါလူထုတွေ့ဆုံပွဲမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။ လူထုတွေ့ဆုံပွဲကို မြိတ်မြို့ ပုလဲရတနာခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ တက်ရောက်ဆွေးနွေး ခဲ့ကြပါတယ်။
2 years Ago

January 7, 2019

အိန္ဒိယလုပ်ငန်းရှင်ကြီး မယ်လီယာကို စီးပွားရေး ရာဇဝတ်မှုကျူးလွန်သူ ဝရမ်းပြေးအဖြစ် ကြေညာ

အိန္ဒိယနိုင်ငံ မဟာရတ်ရှ်တျာပြည်နယ်ရှိ တရားရုံးက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွေအရ ယစ်မျိုးနဲ့ လေကြောင်းလုပ်ငန်းရှင်ကြီး ဗီဂျေး မယ်လီယာကို စီးပွားရေး ရာဇဝတ်မှု ကျူးလွန်သူ ဝရမ်းပြေးအဖြစ် ဇန်နဝါရီ ၅ ရက်မှာ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို အစိုးရက သိမ်းဖို့ လမ်းကြောင်းဖော်လိုက်တာလို့ ရိုက်တာ သတင်းဌာနရဲ့ မိတ်ဖက် ANI သတင်းဌာနက အစီရင်ခံပါတယ်။ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၃သန်း တန်ဖိုးအထက် စီးပွားရေး ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့၊ အင်မတန်ချမ်းသာတဲ့ ဝရမ်းပြေးတွေဆီကနေ ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်မယ့် ဥပဒေမူကြမ်းတခုကို အိန္ဒိယအစိုးရက လတ်တလောမှာ အတည်ပြုပြီးပါပြီ။ ဘဏ္ဍာရေးရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ ညွှန်ကြားမှု ဦးစီးဌာနက မယ်လီယာကို ဝရမ်းပြေး ကြေညာပြီး ရူပီးငွေ ၁၂၅ ဘီလျံတန်တဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းမယ်လို့လည်း ကြေညာပါတယ်။ အသက် ၆၂ နှစ်အရွယ် စီးပွားရေးသမား မယ်လီယာကို ဗြိတိန်ကနေ အိန္ဒိယဆီ ရာဇဝတ်သား လွှဲပြောင်းရေး မူအရ လွှဲယူဖို့လည်း အိန္ဒိယအစိုးရက ကြိုးစားနေပါတယ်။ သူ့ရဲ့ ကင်းဖစ်ရှာ လေကြောင်းလိုင်းက အိန္ဒိယဘဏ်တွေဆီကနေ ချေးယူထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံအတွက် လိမ်လည်မှု စွဲချက်တွေနဲ့လည်း တရားစီရင်ဖို့ ပြင်ဆင်ထားပါတယ်။ သူဟာ အဲဒီချေးထားတဲ့ငွေတွေကို ပြန်ဆပ်ဖို့ ရည်မှန်းချက် မရှိဘူးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။ မယ်လီယာဟာ ၂၀၁၆ မတ်လက အိန္ဒိယကနေ ဗြိတိန်ဆီ ပြောင်းရွှေ့ခဲ့တာပါ။ သူ့ကို အိန္ဒိယ အစိုးရလက်ထဲ ပြန်လွှဲသင့်တယ်လို့ ဗြိတိန်မြို့တော် လန်ဒန် တရားရုံးက ဒီဇင်ဘာ ၃၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ မယ်လီယာကတော့ ဘာအမှားမှ လုပ်မထားဘူးလို့ ငြင်းရင်း နိုင်ငံရေးအရ အကွက်ရွှေ့ခံရတာလို့ ပြောထားပါတယ်။
2 years Ago
Up