ရာစုနှစ် အကောင်းဆုံးကစားသမားဆု

December 28, 2020

ရာစုနှစ် အကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒို ဆွတ်ခူး

ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ Globe Soccer Awards ဆုပေးပွဲမှာ ရော်နယ်ဒိုနဲ့ ပက်ဂွါဒီယိုလာ တို့ဟာ ရာစုနှစ်အကောင်းဆုံး ကစားသမားနဲ့ နည်းပြအဖြစ် အသီးသီး ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။  မနေ့က အာမာနီဟိုတယ်မှာ လုပ်ခဲ့တဲ့ပွဲကို ရော်နယ်ဒိုက လူကိုယ်တိုင် တက်ရောက် ဆုယူခဲ့ပြီး ဒီဆုအတွက် ကာလရှည်ပြိုင်ဘက် လီယွန်နယ်မက်ဆီကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ စပိန်‌၊ အင်္ဂလန်၊ အီတလီ တို့မှာ ပြည်တွင်းဖလားတွေ ဆွတ်ခူးနိုင်ခဲ့သလို ပေါ်တူဂီအသင်းနဲ့လည်း ယူရို ၂၀၁၆ ဖလား ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒီဆုကို ၂၀၀၁ ကနေ ၂၀၂၀ အကြား စွမ်းဆောင်ရည်တွေကို အကဲဖြတ်ကာ ပေးအပ်ခဲ့တာ ဖြစ်ပြီး ဆုရရှိတဲ့အတွက် သူ့ရဲ့ဂုဏ်ယူမှုကို ရော်နယ်ဒိုက အခုလို ပြောပါတယ်။ “ဆုဖလားတွေကို ဆွတ်ခူးရတာ တကယ်ကို ကောင်းပါတယ်။ ကစားပွဲတွေရဲ့ ထိပ်ဆုံးမှာ နှစ်ပေါင်းများစွာ ကြာရှိနေဖို့ဆိုတာ မလွယ်ပါဘူး။ ဒီအတွက် ကျနော် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကလပ်အသင်းတွေ၊ နည်းပြကောင်းတွေမရှိဘဲနဲ့တော့ ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။” ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ နှစ် ၂၀ ပြည့်ချိန်မှာ ဒီလိုမျိုး ဆုချီးမြှင့်ခံရတဲ့အတွက် သူ့ထက် ပိုပျော်မယ့်လူရှိမှာ မဟုတ်တော့ဘူးလို့လည်း ရော်နယ်ဒိုက တွစ်တာမှာ ရေးသားထားပါတယ်။ စပိန်၊ ဂျာမနီနဲ့ အင်္ဂလန်တို့မှာ ပြည်တွင်းလိဂ်ဖလားတွေ ရရှိခဲ့ပြီး ချန်ပီယံလိဂ် ၂ ကြိမ် ဗိုလ်စွဲခဲ့တဲ့ ပက်ဂွါဒီယိုလာက ရာစုနှစ် အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။ မန်စီးတီးနည်းပြဟာ ဆုပေးပွဲကို မတက်ရောက်နိုင်ခဲ့ပေမဲ့ ကြိုတင်ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်နဲ့ ဆုယူပါတယ်။  ဒီဆုပေးပွဲက ချီးမြှင့်တဲ့ ၂၀၂၀ ပြည့်နှစ့် အကောင်းဆုံးကစားသမားဆုကို ဘိုင်ယန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ရရှိသွားခဲ့ပြီး ဘိုင်ယန်နဲ့အတူ ဖလားမျိုး စုံဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်ကတော့ အကောင်းဆုံးနည်းပြဆုကို ရရှိပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ရာစုနှစ်အကောင်းဆုံးအသင်းအဖြစ် ရွေးချယ်ခံခဲ့ရသလို အခုနှစ် အကောင်းဆုံးအသင်းဆုကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက ရရှိပါတယ်။  ဂျော့မန်ဒက်စ်က ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးအေးဂျင့်ဆုကို ရရှိပါတယ်။  Globe Soccer Awards ဆုပေးပွဲကို ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့ပြီး နှစ်စဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
10 months Ago
Up