ရာစုနှစ်

September 9, 2021

ဘရာဇီးတွင် ရာစုနှစ်တစ်ခုအတွင်း အဆိုးဆုံး မိုးခေါင်

ဘရာဇီးနိုင်ငံမှာ ရာစုနှစ်တခုနီးပါးအတွင်း အဆိုးဆုံး မိုးခေါင်နေလို့ လယ်သမားတွေ ဒုက္ခရောက်နေပြီး ရေအားလျှပ်စစ် မသုံးနိုင်တဲ့အတွက် ကုန်ကျစရိတ် များတဲ့ သာမိုအီလက်ထရစ် ဓာတ်အားပေးစက်ရုံတွေကို အားကိုးနေရပါတယ်။

ဒါကြောင့် ငွေကြေး ဖောင်းပွနေပြီး စီးပွားရေးကိုပါ ထိခိုက်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ အဓိက ရေအားလျှပ်စစ် ထုတ်လုပ်ရာ ဆည်တွေမှာ ရေနည်းလာ နေပြီး လျှပ်စစ်ဓာတ်အား လျှော့သုံးကြဖို့ အစိုးရက ပြည်သူတွေကို အားပေးနေပါတယ်။

ခုထိတော့ စွမ်းအင်ကို အလှည့်ကျ ပေးရတဲ့ အဆင့်ကို မရောက်သေးပါဘူး။ လောလောဆယ် မိုးခေါင်မှုဟာ ဘရာဇီး တနိုင်ငံတည်းအပေါ် သက်ရောက်တာ မဟုတ်ဘဲ ဒေသတခုလုံးကို သက်ရောက်နေတာပါ။

အာဂျင်တီးနားနဲ့ ချီလီနိုင်ငံတွေမှာလည်း ရေအားလျှပ်စစ် ထုတ်လုပ်မှုဟာ နှစ်ကုန်ပိုင်းအထိ ကျဆင်းနေမယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝသယံဇာတရင်းမြစ် အတိုင်ပင်ခံ ဝုဒ် မက်ကင်ဇီရဲ့ သုတေသနအသစ် အရ မျှော်လင့် ထားပါတယ်။

ဒေသတွင်း ဓာတ်ငွေ့နဲ့ စွမ်းအင် ဟန်ချက်ညီမှုဟာ ဘရာဇီးအတွက် အကြီးစား အရေးကြီးတဲ့ ကိစ္စရပ်ပါ။ ဘရာဇီးဟာ အာဂျင်တီးနားနဲ့ ဘိုလီးဗီးယား နိုင်ငံတွေက ဓာတ်ငွေ့ တင်သွင်းမှုကနေ ရတဲ့ လျှပ်စစ်ကို အားကိုးနေရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

1 month Ago
Up