ရာဂဏန်း ဒဏ်ရာ ရ

May 7, 2017

ဗင်နီဇွဲလားနိုင်ငံ ရက်သတ္တပတ် ဆန္ဒပြမှုအတွင်း လူ ၃၆ ဦး သေ၊ ရာဂဏန်း ဒဏ်ရာ ရ

ဗင်နီဇွဲလားနိုင်ငံမှာ အုပ်ချုပ်သူ သမ္မတ နီကိုးလက်စ်မဒူရိုကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်လုပ်တဲ့အနေနဲ့ နိုင်ငံရဲ့ မြို့တော် ကာရာကက်စ်မှာ အမျိုးသမီးရာပေါင်းများစွာက ချီတက်ဆန္ဒပြနေကြပါတယ်။ အတိုက်အခံပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ အမျိုးသမီးထုကြီးက အဖြူရောင်အဝတ်အစားတွေကို ဝတ်ဆင်ထားကြပြီး လုံခြုံရေးတပ်တွေရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်နေကြတာပါ။ ကုလသမ္မဂ္ဂသံတမာန် နစ်ကီဟေလီက “အကြမ်းဖက်နှိမ်နင်းမှု” လို့ ခေါ်ဆိုလိုက်တဲ့အပေါ် အမေရိကန်နိုင်ငံက စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။ ရက်သတ္တပတ် ဆန္ဒပြမှုတွေအတွင်း အနည်းဆုံး လူ ၃၆ ဦး သေဆုံးပြီး လူရာဂဏန်း ဒဏ်ရာ ရရှိခဲ့တာပါ။ “သူ့လူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လေးစာလိုက်နာမှု မရှိဘူး” လို့ မစ်ဟေလီက သမ္မတ မစ်စတာမဒူရိုကို စာထုတ်ပြန် စွပ်စွဲလိုက်ပြီး “နိုင်ငံတွင်းရှိ နိုင်ငံရေးနဲ့ စီးပွာရေး အကြပ်အတည်းတွေလည်း မြင့်တက်နေတယ်” လို့ မစ်ဟေလီက ပြောခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် လီယိုပေါလ်ဒို အပါအဝင် အကျဉ်းကျနေတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ အမေရိကန်နိုင်ငံကလည်း တောင်းဆိုထားပါတယ်။ ဗယ်လန်စီရာမြို့ အစောပိုင်းက ဆန္ဒပြမှုအတွင်းမှာလည်း လူငယ်တဦး အကြမ်းဖက်တိုက်ခိုက် ခံရလို့ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ကာရာကက်စ်မြို့မှာ ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့ သံချပ်ကာတင့်ကားကြီးတွေကိုလည်း ရုပ်သံဖမ်းယူရိုက်ကူးမိတယ်လို့ ဆိုပါတယ်။ “အာဏာရှင်စနစ်က သူရဲ့နောက်ဆုံးရက်တွေမှာ သက်ဝင်လှုပ်ရှားနေပါတယ် ဒါကို မဒူရိုလည်း သိတယ်” လို့ ယခင်လွှတ်တော် အမျိုးသမီး အမတ်ဟောင်း တဦးဖြစ်သူ မာရီရာကော်ရီနာက အမျိုးသမီးတွေ ချီတက်ဆန္ဒပြပွဲမှာ အေအက်ဖ်ပီသတင်းဌာနကို ပြောလိုက်ပါတယ်။
4 years Ago
Up