ရသေ့တောင်တွင် လက်နက်ကြီးကျ၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

November 22, 2019

ရသေ့တောင်တွင် လက်နက်ကြီးကျ၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှာ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ ကျေးရွာသား တဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ သေဆုံးသူတွေဟာ အမျက်တောင်ကျေးရွာက ဦးထွန်းသိန်းမောင် ၄၈ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိ သွားသူကတော့ ဦးမောင်ခင်ဝင်းတို့ ဖြစ်ကြတယ်လို့ အမျက်တောင်းကျေးရွာ ရွာလူကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့က ည ၅ နာရီမှာဖြစ်မယ်။ လက်နက်ကြီးကျတာ။ လက်နက်ကြီးက ၁၀ ကျော်လောက် ပစ်ခတ်တယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့လည်းပစ်ခတ်တယ်။ အဲ့ဒီမှာ လက်နက်ကြီးကျည်ကျလို့ တယောက်ဆုံးသွားတယ်။ တယောက်ကတော့ ဒဏ်ရာရတယ်။ လက်နက်ကြီးကျပြီးနောက်မှာ ကျနော်တို့ သွားကြည့်တဲ့အချိန် ဦးထွန်းသိန်းမောင်က နေရာမှာပဲသေနေပြီ။” လက်နက်ကြီးကျလို့ သေဆုံးသူအလောင်းကိုတော့ အမျက်တောင်ကျေးရွာကနေ ရသေ့တောင်ပြည်သူ့ဆေးရုံကို သယ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ဒဏ်ရာရရှိသူ ဦးမောင်ခင်ဝင်းမှာ ဘယ်ဘက် နားရွက်အထက်ဘက်နား ဦးခေါင်း ဒဏ်ရာရရှိသွားပြီး အခြေအနေမစိုးရိမ်ရဘူးလို့ ကျေးရွာသားတွေကပြောဆိုပါတယ်။ ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာတောင်ကုန်းပေါ်ရှိ တပ်မတော်အမြောက်စခန်းက လက်နက်ကြီး လက်နက်ငယ်တွေပစ်ခတ်ခဲ့တာကြောင့် အခုလို သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ အမျက်တောင်ကျေးရွာက သေဆုံးသွားတဲ့ မိသားစုဝင်တဦးက ပြောဆိုပါတယ်။ “အဲ့ဒီ ရေစိုးချောင်းကျေးရွာတောင်ကုန်းပေါ်ရှိတဲ့ တပ်မတော်အမြောက်စခန်းက ပစ်ခတ်တာ။ အဲ့ဒီလက်နက်ကြီးကျည်တွေကျလို့ သေတာ။ တိုက်ပွဲဖြစ်တာလည်း ကျနော်တို့ရွာနားမှာ မရှိဘူး။ အခုက တယောက်သေတယ်။ တယောက်ဒဏ်ရာရတယ်။ ကျနော်တို့ လယ်သမားတွေပဲ၊ လယ်ယာမြေတွေကို မှိခိုလုပ်စားနေကြတာ။ အခုက အပြင်လည်း မထွက်ရဲကြတော့ဘူး။” အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်ဇော်ဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တပ်မတော်ဘက်က ပစ်ခတ်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။ “ကျနော်တို့က ဘာမှပစ်တာမရှိဘူး။ ဒီကောင်မနေ့ည ၆ နာရီထိုးက ဒီကောင်တွေ ရေစိုးချောင်းရဲ့ မြောက်ဘက်ကနေ လှမ်းပစ်တာ။ ရေစိုးချောင်းကနေ ကျနော်တို့ ဗျူဟာကို လှမ်းပစ်တာ၊ အမျက်တောင်ရွာရဲ့အနောက်ဘက်ကနေလှမ်းပစ်တာ။ သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ရေစိုးချောင်းမရောက်ဘဲနဲ့ အဲ့ဒီရွာရဲ့ စပါးလှန်းနေတဲ့လူတွေကို သွားမှန်တာလေ။ ကျနော်တို့ ဘာမှပစ်တာမရှိဘူး။” အခုပစ်ခတ်မှုကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
2 years Ago
Up