ရဝမ်ဒါ အစိုးရဟာ ၁၉၉၄ လူမျိုးတုံး သတ်ဖြတ်မှုအတွင်း သူတို့ရဲ့ အခန်းကဏ္ဍအတွက် ပြင်သစ်စစ်တပ်နဲ့ တခြားအရာရှိ အနည်းဆုံးအယောက် ၂၀ ကို စတင် စစ်ဆေးလိုက်ပြီလို့ အစိုးရ ရှေ့နေချုပ်က နိုဝင်ဘာ ၃၀ က ပြောပါတယ်။
ဒီလုပ်ရပ်ဟာ စတည်းက တင်းမာနေတဲ့ ပြင်သစ်နဲ့ ဆက်ဆံရေးကို ပိုနက်ရှိုင်းစေမှာပါ။
နိုင်ငံအတွင်းက အဓိက တိုင်းရင်းသားလူမျိုးစု ၂ စုကြား လူမျိုးတုံး သတ်ဖြတ်မှုအတွင်း လူနည်းစု တွစ်စီ ၈ သိန်းလောက်နဲ့ အစွန်းမရောက်တဲ့ ဟူတူ တိုင်းရင်းသားနွယ်တချို့ အသတ်ခံခဲ့ရပါတယ်။
အဲဒီဖြစ်ရပ် နောက်ပိုင်းမှာ ရဝမ်ဒါနဲ့ ပြင်သစ် ၂ နိုင်ငံကြား ဆက်ဆံရေး အဖုအထစ် ရှိခဲ့ပါတယ်။
ရဝမ်ဒါ အရာရှိတွေက ဟူတူလူမျိုး သမ္မတဟောင်းကို ပံ့ပိုးမှုနဲ့ ပြင်သစ်ကို စွပ်စွဲပါတယ်။ အဲဒီ သမ္မတဟာ ၁၉၉၄ ခုနှစ်မှာ လေယာဉ်ကို ပစ်ချခံရလို့ သေဆုံးခဲ့တာပါ။
သူသေဆုံးအပြီး နိုင်ငံတွင်း သွေးချောင်းစီး လူမျိုးတုံး သတ်ဖြတ်မှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှုကို ရပ်တန့်ခဲ့တဲ့ သူပုန်တွေနဲ့ လူမျိုးတူ တွစ်စီလူမျိုး သမ္မတကို တရားစီရင်ဖို့ ပြင်သစ် တရားသူကြီးက ဆော်သြခဲ့လို့ ရဝမ်ဒါနဲ့ ပြင်သစ် သံတမန် ဆက်ဆံရေး ၂၀၀၆ ခုနှစ်မှာ ပြတ်တောက် ခဲ့ပါတယ်။
လူအစုလိုက် သတ်မှုကို ဦးဆောင်ခဲ့တဲ့ ပြင်သစ်က သင်တန်းပေးထားတဲ့ စစ်သားတွေကို ရဝမ်ဒါ အစိုးရက ပြန်စွပ်စွဲခဲ့ပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ စာတမ်းထဲမှာ ရဝမ်ဒါ အမျိုးသား ကော်မရှင်က ပြင်သစ် အရာရှိ ၂၂ ဦးကို စာရင်းပြုစုထားပါတယ်။
အဲဒီထဲမှာ အဲဒီအချိန်က ပြင်သစ်သမ္မတ ဖရန်ဆွား မစ်တာရန်ဒ်ရဲ့ ထိပ်တန်း အကြံပေးတွေလည်း ပါပါတယ်။
ဘယ်လ်ဂျီယံနဲ့ ဂျာမနီ ကိုလိုနီဟောင်း ရဝမ်ဒါနိုင်ငံဟာ ၁၉၉၄ မတိုင်မီထိ ပြင်သစ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိခဲ့တာပါ။
အစိုးရဟာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေနဲ့လည်း နီးကပ်တဲ့ ပတ်သက်မှု ရှိပါတယ်။
၂၀၀၉ ခုနှစ်မှာ ရဝမ်ဒါဟာ ဗြိတိန် ကိုလိုနီဟောင်း အုပ်စု ဖြစ်တဲ့ ဓနသဟာယနိုင်ငံတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။
နိုင်ငံတွင်း ကျောင်းတွေမှာသင်ကြားတဲ့ ဘာသာရပ်ကိုလည်း ပြင်သစ်ကနေ အင်္ဂလိပ်ကို ပြောင်းခဲ့ပါတယ်။
6 years Ago