ရမ်းဗြဲလူငယ်ကွန်ယက်တာဝန်ခံ

June 25, 2020

ရမ်းဗြဲလူငယ်ကွန်ယက်တာဝန်ခံကို ထောင်ဒဏ် ၁၅ ရက် (သို့) ငွေဒဏ် ၂၀၀၀၀ အမိန့်ချ

ရခိုင်ပြည်နယ်မှာ အင်တာနက် ပြန်လည်ဖွင့်ပေးဖို့တောင်းဆိုခဲ့တဲ့ ရမ်းဗြဲလူငယ်ကွန်ယက် တာဝန်ခံ ကိုမျိုးမင်းထွန်းကို ရမ်းဗြဲမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် ကျပ် ၂၀၀၀၀ အမိန့်ချမှတ်လိုက်ပါတယ်။ ကိုမျိုးမင်းထွန်းကို ရမ်းဗြဲမြို့နယ် ရဲမှူးကြီး ဦးဇော်ဝင်းက တရားလို ပြုလုပ်ကာ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တဲ့အမှုကို ဒီကနေ့ ရမ်းဗြဲ မြို့နယ် တရားရုံးကပုဒ်မ ၁၉ နဲ့ ငြိစွန်း ရှိလို့ဆိုပြီး အမိန့်ချမှတ်လိုက်တာပါ။ ကိုမျိုးမင်းထွန်း "ကျနော်တို့က ၅ ဦးထက် ပိုသွားတဲ့အခါ လူစုလူဝေးဖြစ်သွားတယ်ပေါ့ အဲ့ဒါကြောင့် ငြိမ်းစုစီပုဒ်မနဲ့ငြိတယ်လို့ပြောတယ်။ အဲဒါကြောင့် ငြိမ်းစုစီ  ဥပဒေ ပုဒ်မ ၁၉ အတိုင်း ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် ၂၀၀၀၀ ချမှတ်လိုက်တာပါ။ ကျနော်တို့ကငွေဒဏ် ၂၀၀၀၀ ကို ရွေးချယ်ခဲ့ပါတယ်" လို့ပြောပါတယ်။ ဇွန်လ ၂၁ ရက်က ရခိုင်ပြည်နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမှာ အင်တာနက် ပြန်လည်ဖွင့်ပေဖို့ ရန်ကုန်မြို့နယ်နဲ့ ရခိုင်ပြည်နယ် နေရာ တော်တော်များများမှာ ကမ်ပိန်းပြုလုပ်  online က ဓာတ်ပုံတွေတင်ပြီး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီလိုတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်က နှစ်ဦးကိုလည်း ကျောက်ဖြူမြို့နယ်ရဲစခန်းမှ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ ဇွန်လ ၂၄ ရက်နေ့က အမှုဖွင့် ထားပါတယ်။ ရခိုင်ပြည်နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အခြေအနေမှာ စစ်ရေးလိုအပ်ချက်အရ အစိုးရက အင်တာနက်တွေ ပိတ်ထားတာဖြစ်ပေမဲ့  ဖုန်းလိုင်းတွေနဲ့ တခြားဆက်သွယ်ရေးလမ်းကြောင်းတွေတော့ ဖွင့်လှစ် ပေးထားပါတယ်။  သတင်း - ယူမင်းစိုး
11 months Ago
Up