ရမ်ဒီးဆေဗာဆေး

May 13, 2020

COVID-19 ကုသကာကွယ်ရေး အလားအလာကောင်းသည့် ဆေးဝါးတချို့တွေ့ရှိဟု WHO ပြော

COVID-19 ရောဂါကို ကုသရာမှာ အပေါင်းလက္ခဏာဆောင်ပုံပေါ်တဲ့ အချက်အလက်တွေကို  တွေ့ရတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မေ ၁၂ ရက်မှာ ပြောပါတယ်။ ဆေးဝါးတချို့က ရောဂါပြင်းထန်မှုနဲ့ ရောဂါသက်တမ်းကို လျှော့ချနိုင်ဖွယ်ရှိပြီး အလားအလာရှိတဲ့ ဆေးဝါးတွေထဲက လေး၊ ငါးမျိုးကို အာရုံစိုက် လေ့လာနေတယ်လို့  WHO က ပြောဆိုပါတယ်။ ဘယ်ဆေးဝါးတွေလဲ ဆိုတာကို WHO ပြောခွင့်ရပုဂ္ဂိုလ် မာဂရက်ဟဲရစ်က မဖော်ပြပေမယ့် အမေရိကန် ဂီးလီးယတ်ဆိုင်းရင့်စ် ကုမ္ပဏီကတော့ ရမ်ဒီးဆေဗာဆေးဟာ COVID-19  လူနာတွေကို ကုသရာမှာ  ရလဒ်ကောင်းတွေ ရစေတယ်လို့ ဆိုပါတယ်။ ရမ်ဒီးဆေဗာဆေးဟာ ထိရောက်တဲ့ ဆေးစွမ်းတလက် ဖြစ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးစွမ်းတယ်ဆိုပြီး ပြီးခဲ့တဲ့လတုန်းက ကုသမှုဆိုင်ရာ အချက်အလက်တွေက ထုတ်ပြန်ခဲ့ပါတယ်။   ဒါ့အပြင် ဗိုင်းရပ်စ် တိုက်ဖျက်တဲ့ဆေးတွေကို ပေါင်းစပ် အသုံးပြုတာကလည်း လူနာတွေကို အထောက်အကူ ဖြစ်စေတယ်လို့ လေ့လာချက် အများအပြားက ညွှန်းဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စ်တွေဟာ  ယေဘုယျအားဖြင့်  အင်မတန်လှည့်စားတတ်ပြီး ကာကွယ်ဆေးထုတ်ဖို့ ခက်ခဲတယ်လို့ WHO အရာရှိတဦးက ပြောဆိုကာ ကာကွယ်ဆေးထုတ်လုပ်ရေး  မျှော်လင့်ချက်တွေကို သတိပေးခဲ့ပါတယ်။  လက်ရှိမှာ COVID-19 ကာကွယ်ဆေး အမျိုးပေါင်းတရာကျော်ကို စမ်းသပ်နေပြီး အတော်များများကို စေတနာ့ဝန်ထမ်း စမ်းသပ်ခံလူတွေနဲ့ စမ်းသပ်ထိုးနှံပေးနေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
11 months Ago
Up