ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်

A d v e r t i s e m e n t With Us

February 5, 2020

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်သင်တန်း ပင်လည်ဘူးမြို့နယ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာမှာ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို ဖေဖော်ဝါရီ ၅ ရက်က ဖွင့်လှစ်ပါတယ်။ ဒီသင်တန်းကို လူကယ်ပြန်ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်းကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက် အရ ဆောင်ရွက်တာဖြစ်ပါတယ်။  ဒီဖွင့်ပွဲကို စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ ကိုယ်စားလှယ်တွေ၊ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနဲ့ ပြည်လည်ထူထောင်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ၊ မူးယစ်ဆေးဖြတ်သင်တန်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။  ရက်ပေါင်း ၄၀ ကြာတဲ့ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်းတွေကို ၂၀၁၈ ခုနှစ်အတွင်း ဟုမ္မလင်းမြို့မှာ ၃ ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ဝန်းသိုမြို့နယ်မှာ ၁ ကြိမ်နှင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကသာမြို့မှာ ၁ ကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။  နောက်ဆုံးဖွင့်လှစ်ခဲ့တဲ့ကသာမြို့မှာတော့ သင်တန်းသား ၄၈ ဦးမှာ ၂၄ ဦးက သင်တန်းပြီးတဲ့အထိ တက်ရောက်ခဲ့ပြီး အောင်မြင်မှု ၅၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ မိုးသောက်ကြယ် မူးတားအဖွဲ့ခေါင်းဆောင် ဦးခင်ဇော်ဝင်းက "အသက်ငယ်တဲ့သူများတယ်။ ကြီးတဲ့သူတွေလည်းပါတယ်။ အမျိုးသမီးတော့ မပါဘူး။ အရင်ကတည်းက ဒါမျိုးလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ တားဆီးရေးလုပ်ပေမယ့် အမြစ်မပြတ်နိုင်ဘူး။ ပြန်လည်ထူထောင်ရေးပါ တွဲလာရင်တော့ အတိုင်းအတာတခုထိ အောင်မြင်မယ်လို့တော့ မျှော်လင့်ပါတယ်။ အခုရွေးချယ်တဲ့ ကင်းပန်းရွာကလည်း ကျနော်တို့ မိုးသောက်ကြယ် မူးတား ရုံး စိုက်တဲ့ရွာဖြစ်တယ်။ ဆေးဖြတ်မယ့် သင်တန်းသားတွေရဲ့ လုံခြုံရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး တွေအတွက် အများကြီ းအထောက်အကူဖြစ်စေတယ်။ နောက်ထပ်လည်း ဆေးဖြတ်မယ့်သူတွေ ကျန်နေသေးတယ်။ ဒီသင်တန်းရဲ့ အခြေအနေကြည့်ပြီး နောက်ထပ်သင်တန်းတွေ ဖွင့်နိုင်အောင် လည်း သက်ဆိုင်ရာကို တောင်းဆိုသွားမယ်။”လို့ ပြောပါတယ်။ ပင်လည်ဘူးမြို့နယ်မှာ ဖွင့်လှစ်တဲ့ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်သင်တန်းမှာတော့ သင်တန်းသား ၅၀ ဦးပါဝင်ပြီး သင်တန်းသားတွေအနေနဲ့ မူးယစ်ဆေးကို နောက်ထပ် လုံးဝသုံးစွဲချင်စိတ်မရှိတော့အောင် စိတ်ပြတ်အောင် ကြိုးစားဖြတ်ကြဖို့ တာဝန်ရှိသူတွေက မှာကြားခဲ့ပါတယ်။  ပင်လည်ဘူးမြို့နယ်က မကြာခဏဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဒီနေ့ထိ ၁ လကျော်အတွင်းမှာ အနည်းဆုံး မူးယစ်ဆေးဝါးမှု ၁၀ မှု၊ တရားခံ ၁၅ ဦးထက်မနည်းဖမ်းဆီးရမိထားပါတယ်။ ပြန်လည်ထူထောင်ရေးဦးစီးဌာနကနေ ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်သင်တန်းနဲ့ စခန်းအခြေပြု မူးယစ်ဆေးဖြတ်သင်တန်းတွေကို မြစ်ကြီးနား၊ လားရှိုး၊ တောင်ကြီး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မြဝတီ၊ ကော့သောင်း၊ ရန်ကုန်၊ မန္တလေးမှာ ဖွင့်လှစ် နေပါတယ်။  ရွှေဘိုခရိုင်ကျောက်မြောင်းမှာလည်း ဖွင့်ဖို့ ရှိနေပြီး လက်ရှိမှာတော့ သင်တန်းရက်က နည်းပြီး နိုင်ငံတကာစံမမီတဲ့အတွက် စံမီအောင် လုပ်ဆောင်နေတယ်လို့ ပြန်လည်ထူထောင်ရေးဦး စီးဌာန တာဝန်ရှိသူက သင်တန်းဖွင့်ပွဲမှာ ပြောပါတယ်။
1 year Ago

December 20, 2019

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်း ကသာမြို့တွင် ဖွင့်လှစ်

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို  စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့၊ ဧရာရွှေလီခန်းမမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။  ဒီသင်တန်းကို လူကယ်ပြန်ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်းကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ ဆောင်ရွက်တာဖြစ်ပါတယ်။  ဒီဖွင့်ပွဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ ညွှန်ကြားရေးမှုးချုပ်နဲ့ ဌာနဆိုင်ရာတွေ၊ မူးယစ်ဆေးဖြတ်သင်တန်းသာတွေ တက်ရောက်ခဲ့ကြပါတယ်။  ရက်ပေါင်း ၄၀ ကြာတဲ့ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်းတွေကို ၂၀၁၈ ခုနှစ်အတွင်း ဟုမ္မလင်းမြို့မှာ ၃ ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ဝန်းသိုမြို့နယ်မှာ တကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ကသာမြို့မှာဖွင့်လှစ်တဲ့ မူးယစ်ဆေးဖြတ်သင်တန်းမှာတော့ သင်တန်းသာ ၄၉ ဦးပါဝင်ပါတယ်။ "တက်ရောက်တဲ့ပုဂ္ဂိုလ်များ တကယ်ကို စိတ်ပြတ်အောင် ကြိုးစားပြီးမှ ဆောင်ရွက်ကြပါ။ ဒါဆိုရင် သင်တန်းဖွင့်ရတာလည်း တန်မယ်၊ ဒေသလုပ်အားတွေလည်း ပိုမိုလာမယ်၊ မိသားစုဘဝတွေလည်း ပျော်ရွှင်ချမ်းမြေ့လာမယ် စသဖြင့် အဲလို အကျိုးရလဒ်ကောင်းတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကြိုးစားပြီး တက်ပေးကြပါ။ ဒီသင်တန်းရဲ့ ရလဒ်ကိုကြည့်ပြီးမှ မူးယစ်ဆေးပေါများတဲ့ ဗန်းမောက်၊ ပင်လည်ဘူးတို့မှာလည်း ဖွင့်နိုင်အောင် လုပ်ဆောင်သွားမယ်" လို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောဆိုခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်းတွေအပြင် စခန်းအခြေပြု မူးယစ်ဆေးဖြတ်စခန်းတခုကို ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့မှာလည်း ဖွင့်လှစ်နိုင်အောင် စီစဉ်နေပါတယ်။  ကျောက်မြောင်းမြို့ကို ရွေးရတာက မြေနေရာရရှိမှုနဲ့ မူးယစ်ဆေးဝါးအလွယ်တကူ မရနိုင်တဲ့ နိုင်ရာတွေ၊ ပြင်ပနဲ့ လွယ်လင့်တကူ ဆက်သွယ်လို့ မရနိုင်တဲ့နေရာ စသဖြင့် ရွေးချယ်ရတာဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်း လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောဆိုထားပါတယ်။  မူးယစ်ဆေးဖြတ်သင်တန်းအတွက် ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းနဲ့ ဆေးစိမ်ခြင်ထောင်တွေ၊ လူငယ်ရေးရာကော်မတီကိုလည်း အားကစားပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပါသေးတယ်။
1 year Ago
Up