ရပ်ဆိုင်းကြောင်း

January 20, 2020

ရေနံထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း လစ်ဗျား ကြေညာ

လစ်ဗျား အမျိုးသားရေနံကော်ပိုရေးရှင်း (NOC) က အယ်လ်ရှာရာရာနဲ့ အယ်လ်ဖီးလ် ရေနံမြေတွေကနေ ရေနံထုတ်လုပ်မှု ရပ်လိုက်ပြီလို့ ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။ ရေနံမြေတွေက ရေနံပိုက်လိုင်းကို လစ်ဗျား စင်ပြိုင်အစိုးရခေါင်းဆောင် တပ်မှူး ခါလီဖာဟဲ့ဖ်တာကို သစ္စာခံတဲ့ လစ်ဗျား အမျိုးသားစစ်တပ် (LNA) က ပိတ်ပစ်ခဲ့အပြီးမှာ ခုလို ပြောတာပါ။  လစ်ဗျား အမျိုးသားစစ်တပ် (LNA) က ရေနံလုပ်ငန်း အစောင့်တပ်ဟာ ဟာမာဒါ ဇာဝီယာ ရေနံပိုက်လိုင်းကို ပိတ်လိုက်ပြီလို့ (NOC) က အတည်ပြုပါတယ်။ ဒါကြောင့် အယ်လ်ရှာရာရာနဲ့ အယ်လ်ဖီးလ် ရေနံမြေတွေက ရေနံထုတ်လုပ်မှုကို ကန့်သတ်လိုက်ရတယ်လို့ NOC က ကြေညာချက် ထုတ်ပြန်ပါတယ်။ အယ်လ်ရှာရာရာ ရေနံမြေဟာ တရက်ကို ရေနံစိမ်းစည်ပေါင်း ၃ သိန်းကို ထုတ်လုပ်နေပြီး အယ်လ်ဖီးလ် ရေနံမြေကတော့ တရက်ကို ရေနံစိမ်းစည် ၇ သောင်း ထုတ်လုပ်နေတာပါ။ ရေနံမြေ နှစ်ခုလုံးကို (LNA) နဲ့ မိတ်ဖက်အုပ်စုတွေက ထိန်းချုပ်ထားပါတယ်။ ဟဲ့ဖ်တာ ဦးဆောင်တဲ့ (LNA) တပ်ဟာ မြို့တော် ထရီပိုလီကို သိမ်းပိုက်ဖို့ ဧပြီလတည်းက ထိုးစစ်ဆင်နေတာပါ။ လစ်ဗျားနိုင်ငံထဲမှာ အာဏာရှင် ကဒါဖီ ကျဆုံးအပြီး နိုင်ငံတကာ အသိအမှတ်ပြုတဲ့ အစိုးရနဲ့ သူတို့ကို သစ္စာခံတဲ့ စစ်တပ်အပြင် တပ်မှူး ဗိုလ်ချုပ်ကြီးခါလီဖာဟဲ့ဖ််တာကို သစ္စာခံတဲ့ အစိုးရနဲ့ စစ်တပ်တို့ စင်ပြိုင်ရှိနေပါတယ်။ လစ်ဗျား အစိုးရ နှစ်ရပ်ကြား အပစ်အခတ် ရပ်စဲရေးအတွက် နည်းလမ်းတွေကို နိုင်ငံတကာ အင်အားကြီးနိုင်ငံတွေက ဂျာမနီမြို့တော် ဘာလင် ညီလာခံမှာ ဇန်နဝါရီ ၁၉ ရက်ကစပြီး ဆွေးနွေးနေကြပါတယ်။
1 year Ago
Up