ရပ်ကွက်အချို့ ရေဝင်

August 25, 2020

ချင်းတွင်းမြစ်ရေ မြင့်တက်လာသဖြင့် ရေစကြိုမြို့ပေါ်ရပ်ကွက်အချို့ ရေဝင်

ရေစကြိုမြို့မှာ ချင်းတွင်းမြစ်ရေက မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ပြီး ကမ်းနားရပ်ကွက် ၃ ရပ်ကွက်နဲ့ လမ်းတချို့ထဲ ရေဝင်ရောက်လာလို့ မြို့နယ်မီးသတ်တပ်ဖွဲ့က မြစ်ကမ်းစပ် ရေဝင်ပေါက်တွေကို သဲအိတ်တာဘောင်တွေ ပြုလုပ် ကာရံပိတ်ဆို့ထားရပါတယ်။ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးညီညီအောင် "ကျနော်တို့က သဲအိတ်တွေနဲ့ အတွင်းအပြင် မြစ်ဘက်ကနေသဲအိတ်တစ်ထပ်ချတယ်။ ကုန်းဘက်ကနေပြီးတော့လည်း သဲအိတ်တစ်ထပ်ချတယ်။ ချပြီးတော့ သဲအိတ်နှစ်အိတ်ကြား အလယ်ကို ၁၀ လက်မလောက်ကို သဲပြည့်ရိုက်ထည့်တာ၊ သဲအိတ် ငါးလွှာ သုံးပေလောက် စည်ပင်ရေထွက်ပေါက်တွေကျတော့ လေးပေကျော်၊ သုံးပေ၊ နှစ်ပေကျော်ဆီ ပိတ်တယ်။ ခုလိုပိတ်လိုက်တော့ ချင်းတွင်းမြစ်ရေက ကမ်းဘက်ကို ဝင်မလာတော့ဘူး" လို့ ရှင်းပြ​ပါတယ်။ ချင်းတွင်းမြစ်ရေက မြစ်ကမ်းရှိ အမှတ် ၈ ရပ်ကွက်ရှိ ကမ်းနဖူးတာဘောင်ကို ကျော်လွန်လာပြီး ဆည်မြောင်းဦးစီးဌာနပိုင် တာဘောင် အုတ်တံတိုင်းအောက်ခြေက ရေစီးဝင်ထွက်လာပြီး ရပ်ကွက်နေအိမ်တချို့ကို မြစ်ရေဝင်ရောက်လာတာဖြစ်ပါတယ်။ အလားတူ အမှတ် ၃ နဲ့ ၄ ရပ်ကွက် နှစ်ရပ်ကွက်က ရေထွက်ပေါက် မြောင်း ၅ ခုက မြစ်ရေဝင်ရောက်လာပြီးကမ်းနားလမ်းနဲ့ ရပ်ကွက်လမ်းတွေကို ရေဝင်ရောက်မှုရှိနေတယ်လို့လည်း သိရပါတယ်။ ရေစကြိုမြို့ရဲ့ စိုးရိမ်ရေအမှတ်က ၂၈ ဒသမ ၇ ပေဖြစ်ပြီး လက်ရှိ စိုးရိမ်အမှတ်ထက်ကျော်လွန်ကာ သုံးလက်မလောက် မြင့်တက်နေတယ်လို့ မီးသတ်ဦးဌာနက သိရပါတယ်။ သတင်း - ကိုလင်း(ချောက်)  ဓာတ်ပုံ - ဦးညီညီအောင်
1 year Ago
Up