ရပ်ကွက်

October 26, 2021

ရေတာရှည် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ခန့် နုတ်ထွက်

ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေအားလုံး ရာထူးကနေ နုတ်ထွက်ဖို့  ရေတာရှည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (YPDF) က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ဦးနီးပါး ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်တာ၊ သတင်းပေးဒလန်ပြုလုပ်တာနဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းဆောင်ရွက်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား နုတ်ထွက်ကြဖို့ ရေတာရှည် PDF က အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်ပြီးနောက် အခုလို နုတ်ထွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီဗွီဘီက ရရှိထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ နုတ်ထွက်စာတွေထဲမှာတော့ အများစုက ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ခွင့်ပြုဖို့ ရေးသားထားတာ တွေ့ရပါတယ်။

တစ်ချို့နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ချို့လည်းရှိပြီး သူတို့နဲ့အဆက်အသွယ်မရသေးသလို စစ်ကောင်စီက နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးနေရာတွေမှာ အသစ်ပြန်ခန့်နေတာတွေလည်း ရှိတယ်လို့ ဒေသခံတစ်ယောက်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက ရေတာရှည်မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတစ်ချို့ရဲ့အိမ်တွေ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေရှိခဲ့သလို စစ်ကောင်စီကို သတင်းပေးတဲ့အတွက် အသတ်ခံခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။

နိုင်ငံတဝန်းမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးဒလန်တွေ သုတ်သင်ရှင်းလင်းခံနေရပြီးနောက် အုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်နေကြတာလည်း ဖြစ်ပါတယ်။

3 months Ago

April 16, 2021

မန္တလေးမြို့ ရပ်ကွက်များတွင် အကြမ်းဖက်လက်နက်ကိုင်များက အတင်းအကျပ်ရေပက်ခိုင်း

မန္တလေးမြို့က ရပ်ကွက်တစ်ချို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ ရေပတ်ဖို့ ပြောဆိုတာတွေရှိပြီး အတင်းအကျပ် ရေပက်ခိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးငယ်တွေကို မုန့်ဖိုးပေးပြီး ရေပက်ခိုင်းတာ၊ ရေကစားခိုင်းတာတွေလည်း ရှိတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

“မနေ့က ကားသုံးစီးနဲ့ စစ်သားတွေ ရဲတွေက အိမ်တွေထဲဝင်ပြီး ရေပက်ချင်လို့ပါပြောတယ်။ ရေပြန်ပက်ဖို့ကိုလည်း ပြောတယ်။ ဒါတွေ ဓာတ်ပုံရိုက်ယူသွားပြီး သတင်းအမှားတွေ တင်မှာပဲ စိုးရိမ်နေတယ်။ တကယ်ဆို ရပ်ကွက်ထဲမှာ ရေပက်မယ့်သူကို မရှိဘူး။” လို့ -ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ဟာ သင်္ကြန်နဲ့ ပတ်သက်ရင် စည်ကားတဲ့ မြို့တစ်မြို့ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ ပျော်ပါးမနေချင်တာကြောင့် ပြည်သူ တော်တော်များများက ရေပက်တာ၊ ရေကစားတာတွေ မလုပ်ဘဲ တော်လှန်သင်္ကြန်အဖြစ် နှစ်သစ်ကူးကို ဖြတ်သန်းနေကြပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက်လည်း နေ့စဉ် စစ်ကြောင်းထွက်ပြီး ချီတက်ဆန္ဒပြနေတာတွေလည်း ရှိပါတယ်။

9 months Ago
Up