ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပြန်ရွေးရန် သမ္မတရုံးက ပြည်ထဲရေးကို အကြောင်းကြား

A d v e r t i s e m e n t With Us

April 27, 2016

ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပြန်ရွေးရန် သမ္မတရုံးက ပြည်ထဲရေးကို အကြောင်းကြား

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ခန့်အပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ နိုင်ငံတော်သမ္မတရုံးက ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားပါတယ်။ နိုင်ငံတော်သမ္မတရုံး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင် လက်မှတ်ရေးထိုးပြီး ပြည်ထဲရေးဝန်ကြီးဌာနထံ ဧပြီ ၂၂ ရက်နေ့ရက်စွဲနဲ့ ပေးပို့တဲ့ လျှို့ဝှက်အဆင့် စာမှာ ဖော်ပြချက်ဖြစ်ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို  ပြန်လည်ရွေးချယ်ခန့်အပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ နိုင်ငံတော်သမ္မတရုံးက ပြည်ထဲရေးဝန်ကြီးဌာနကို ပထမဆုံး အကြောင်းကြားချက်ဖြစ်ပါတယ်။ စာမှာ ၂၀၁၆ ခုနှ်စ ဇန်န၀ါရီ ၂၀ ရက်နေ့မှာ ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ” ပါ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်...” ဟု ပြဋ္ဌာန်းချက်ကို ထောက်ပြထားပါတယ်။ ဒါကြောင့် “ယင်းဥပဒေပြဋ္ဌာန်းချက်နဲ့အညီ အများပြည်သူ ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိတဲ့ ပုဂ္ဂိုလ်များကိုသာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ပြန်လည်ရွေးချယ်ခန့်အပ် တာဝန်ပေးရန် အကြောင်းကြားအပ်ပါသည်” လို့ ပါရှိပါတယ်။ ဒီစာနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ လျှို့ဝှက်ချက်ပေါက်ကြားတာလို့ ပြောပါတယ်။ “အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ပြောလို့မရဘူး။ အောက်ကနေ ပေါက်တာဖြစ်လိမ့်မယ်။ ဆိုလိုတာက ဒီစာက လုံခြုံမှုအဆင့်အတန်း လျှို့ဝှက်သတ်မှတ်ထားတယ်။  သတ်မှတ်ထားတော့ ကျနော်တို့က လျှို့ဝှက်ထားရမယ့် ကိစ္စဖြစ်နေတယ်။ အဲဒီတော့ တရားဝင် ပြောလို့မရဘူး။ ကျနော်တို့ရဲ့လုပ်ထုံးလုပ်နည်းအရ လျှို့ဝှက်သတ်မှတ်ထားတာ အဲဒါနဲ့ပတ်သက်ပြီးပြောရတာ ခက်တယ်။” နိုင်ငံတော်သမ္မတရုံးရဲ့ ဒီလျှို့ဝှက်အဆင့် အကြောင်းကြားစာကို သမ္မတဦးစီးရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) တို့ကို မိတ္တူပေးပို့ခဲ့တာကို စာမှာတွေ့ရှိပါတယ်။ လက်ရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲနိုင်ပြီးချိန်ကာလနဲ့ အစိုးရအဖွဲ့အာဏာကို မလွှဲပြောင်းမီ စပ်ကြားကာလမှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပြီး အလျင်စလိုလုပ်တယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်တာကို ထောက်ခံပြောကြားပါတယ်။ သူက “လွှတ်တော်သက်တမ်းအာဏာမလွှဲခင်မှာ  အုပ်ချုပ်ရေးမှူးဟာ သမ္မတနဲ့ ဆိုင်တဲ့အတွက် အုပ်ချုပ်ရေးမှူးတွေရဲ့သက်တမ်းဟာ သမ္မတသက်တမ်းအတိုင်း ဖြစ်ရမယ်ဆိုပြီးတော့ ရပ်ကျေးဥပဒေပြင်လိုက်တယ်။ အဲဒီဥပဒေကို ပြင်လိုက်တဲ့အတွက် အလောသုံးဆယ် ရေးစရာ အကြောင်းမရှိတော့ဘူး။ ဒါပေမယ့် တချို့နေရာတွေမှာ တော်တော်လေး အလောသုံးဆယ် ရွေးခဲ့တာတွေ တွေ့ရတယ်။ အဲဒီအချိန်က ပြည်ခိုင်ဖြိုးက အုပ်ချုပ်ရေးအာဏာမအပ်ရသေးတဲ့အချိန်ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ တော်တော်လေး အငြင်းပွားစရာကောင်းလောက်အောင် ဘက်လိုက်မှုတွေ ဖြစ်ခဲ့တယ်။ ဥပမာ အရွေးခံရတဲ့ လူတယောက်က ပြည်ခိုင်ဖြိုးကို မလိုလားတဲ့လူဆိုရင် အဲဒီအရွေးခံရတဲ့လူကို အုပ်ချုပ်ရေးမှူးက ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဖြုတ်တာမျိုးတွေ ရှိခဲ့တယ်။” “ဆိုလိုတာက မတရားမှုတွေ တော်တော်များများရှိတယ်။ ရွေးကောက်ပွဲမှာ သူတို့က ရှုံးသွားချိန် အာဏာလက်လွှတ်ဖြစ်ရတော့မယ့်အချိန်မှာ တတ်နိုင်သမျှ သူတို့ရဲ့ ဆဲလ်တွေကို အောက်ခြေမှာ ထားခဲ့ချင်တဲ့သဘောမျိုးနဲ့ လုပ်တယ်လို့ ယူဆရစရာ အကြောင်းတွေရှိတယ်။ ဒါကြောင့်မျှတမှုမရှိလို့ တချို့နေရာတွေမှာ ပြဿ   နာတွေတက်နေတယ်။ ဒါကြောင့်မို့လို ကျနော်က ဒီအုပ်ချုပ်ရေးမှူးတွေ အသစ်ရွေးမယ်ဆိုရင် ကျနော့်အနေနဲ့ ထောက်ခံတယ်။ ပြန်ပြီးတော့ တရားသဖြင့် ရွေးချယ်သင့်တယ်။” လို့ ပြောပါတယ်။ အခု မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်ရာမှာ ပြည်ထောင်စုအဆင့်၊ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်နဲ့ ရပ်ကွက်ကျေးရွာအဆင့်ကို ရွေးချယ်တဲ့စနစ်ကိုသုံးပြီး ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်တွေကို ခန့်အပ်တဲ့အဆင့်ကို သုံးစွဲနေပါတယ်။ ဒီအဆင့်ငါးဆင့်လုံးကို ရွေးကောက်တင်မြှောက်တဲ့သူတွေက အုပ်ချုပ်တဲ့အဆင့်ကို ရောက်အောင် လုပ်ဆောင်ကြဖို့လိုတယ်လို့ ရှေ့နေ ဦးကိုနီက ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတဟာ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲလို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအဆင့်ဆင့်က အုပ်ချုပ်ရေးပိုင်းကို ဆောင်ရွက်နေကြပါတယ်။ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ” ကို၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ ဖြင့်  ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေပုဒ်မ ၉ မှာ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရဲ့ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်” လို့ ပြဌာန်းခဲ့ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာ အစိုးရအဖွဲ့ရဲ့ ၀န်ကြီးဌာန ၂၁ ခုရှိတဲ့အနက် ၁၈ ဌာနရဲ့ ပြည်ထောင်စုဝန်ကြီးတွေကိုသာ ခန့်အပ်တာဝန်ပေးနိုင်ပေမယ့် ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေကို တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုသူတွေကိုသာ ခန့်ပေးရပါတယ်။
5 years Ago
Up