ရန်​ပုံ​ငွေအဖြစ် ချန်​ထားသည့် ​ကျေးရွာအုပ်​ချုပ်​​ရေးအဖွဲ့

November 19, 2020

မအူပင်​မြို့နယ်၌ ကိုဗစ်​ထောက်ပံ့ငွေကို ရန်​ပုံ​ငွေအဖြစ် ချန်​ထားသည့် ​ကျေးရွာအုပ်​ချုပ်​​ရေးအဖွဲ့ တိုင်ကြားခံရ

ဧရာဝတီတိုင်း၊ မအူပင်​မြို့နယ်၊ ခ​နောင်​​ထော်​​ကျေးရွာအုပ်​စုမှာ ကိုဗစ်ကာလ ထောက်ပံ့ငွေကို ရန်ပုံငွေအဖြစ်ချန်ထားခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ရွာသားတွေက ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးထံ တိုင်ကြားလိုက်ပါတယ်။ နိုင်ငံတော်​က အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့တဲ့ငွေတွေထဲက ငွေကျပ် ၁၁ သိန်း ကျော်ကို ကျေးရွာရန်ပုံငွေအတွက် ချန်ထားခဲ့တဲ့အပေါ် ဒေသခံ ၄၄ ယောက်က စုပေါင်းလက်မှတ်ထိုးပြီး ခုလို တိုင်ကြားခဲ့တာပါ။ "လက်မှတ်ထိုးပြီး တိုင်တာကတော့ ၄၄ ​ယောက်ပေါ့။ ​ခေါင်းဆောင်လုပ်တာကတော့ ခနောင်ထော်ရွာနေ ဦးသန်းဝင်း၊ ဦးဝင်းခိုင်နဲ့ ကျနော် ကိုမြင့်နိုင်တို့ ဖြစ်ပါတယ်"လို့ ဦး​ဆောင်​တိုင်​ကြားခဲ့တဲ့ ခ​နောင်​​ထော်​​ကျေးရွာ​နေ ဦးမြင့်နိုင်က ပြောပါတယ်။ နိုင်ငံတော်က ချထားပေးတဲ့ တစ်အိမ်ထောင် ၄၀,၀၀၀ ကျပ်အား တစ်အိမ်ထောင် ၁၈၀၀၀ နှုန်းခွဲဝေပေးခဲ့ပြီး ငွေကျပ် ၁၁ သိန်း ၂ သောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကြီးကြပ် ရေးမှူး ၅ ဦးက ရန်ပုံငွေအသုံးပြုဖို့ ချန်ထားခဲ့တာလို့ ဆိုပါတယ်။ မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေက တင်ပြတောင်းခံထားတဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ငွေတွေကို တင်ပြတဲ့အတိုင်း ချထားပေးပြီးဖြစ်တယ်လို့ မအူပင်မြို့နယ်အုပ်ချုပ်ရေးရုံးက သိရပါတယ်။ ထောက်ပံ့ငွေတွေကို ရန်ပုံငွေအဖြစ်ချန်ထားလို့ တိုင်းကြားခံရတဲ့ ခနော်ထောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းလွင်က "ကျနော်အနေနဲ့တော့ စာရင်းရှင်းတမ်းနဲ့အတူ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြရှင်းလင်းထားပြီ" လို့ ပြောပါတယ်။ ခနောင်ထော်ကျေးရွာအုပ်စုအတွင်းက အိမ်ထောင်စု ၄၆၇ စုအတွက် ငွေကျပ် ၁၈၆ သိန်း ၈ ​သောင်းရရှိပြီး ​ကျေးရွာထဲက အိမ်ထောင်စု ၉၇၆ စုကို တစ်အိမ်ထောင် ၁၈,၀၀၀ ကျပ်​နှုန်းနဲ့ အချိုးကျ ခွဲဝေပေးထားတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။ မအူပင်မြို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း နိုင်ငံတော်ကထောက်ပံ့ငွေ ၄၀,၀၀၀ အပြည့်ရရှိဖို့ ဆန္ဒဖော်ထုတ်တာတွေလည်း ရှိခဲ့ပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - အောင်မြသန်း (မအူပင်)
5 months Ago
Up