ရန်လိုအပြုအမူ

December 9, 2019

ကင်ဂျုံအန်း ရန်လိုအပြုအမူ ပြန်လုပ်ပါက အရာအားလုံးဆုံးရှုံးရမည်ဟု ထရမ့် သတိပေး

မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက် လုံးဝ စွန့်လွှတ်ရမှာဖြစ်ပြီး ခေါင်းဆောင် ကင်ဂျုံအန်းအနေနဲ့ အရင်လို ရန်လိုတဲ့ အပြုအမူတွေ ပြန်လုပ်မယ်ဆိုရင် အရာအားလုံး ဆုံးရှုံးနိုင် ခြေများတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၈ ရက်မှာ သတိပေးလိုက်ပါတယ်။  အင်မတန်အရေးပါတဲ့ စမ်းသပ်မှုတခုကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေညာအပြီးမှာ ထရမ့်က အခုလို ပြောလိုက်တာပါ။ ၂၀၁၈ ခုနှစ် စင်ကာပူထိပ်သီးတွေ့ဆုံပွဲမှာ ကင်မ်ဂျုံအန်းဟာ ထရမ်နဲ့အတူ နျူလက်နက် စွန့်လွှတ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကြောင့် ကင်ဂျုံအန်းအနေနဲ့ အမေရိကန်သမ္မတနဲ့ အထူးတလည် ဆက်ဆံရေးကို ပျက်ကွက်ချင်မှာ မဟုတ်သလို ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲကိုလည်း ကြားဝင် စွက်ဖက်ချင်မှာ မဟုတ်ဘူးလို့ ထရမ့်က တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။  မြောက်ကိုရီးယားအစိုးရဟာ ဆိုဟဲဂြိုဟ်တုလွှတ်တင်ရေးစခန်းမှာ အရေးကြီးတဲ့ စမ်းသပ်မှု တခုကို ပြုလုပ်ခဲ့ပြီး စမ်းသပ်မှု အောင်မြင်တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA သတင်းဌာနက ဒီဇင်ဘာ ၈ ရက်အစောပိုင်းက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဘာကို စမ်းသပ်ခဲ့တာဆိုတာကို အသေးစိတ်ကို မဖော်ပြခဲ့ပါဘူး။ ဒုံးကျည်စမ်းသပ်ရေးစခန်းတခုဖြစ်တဲ့ ဆိုဟဲ ဂြိုဟ်တုလွှတ်တင်ရေးစခန်းဟာ မြောက်ကိုရီးယား အစိုးရက ပိတ်သိမ်းမယ်လို့ ကတိပြုထားတဲ့ ဒုံးကျည်စမ်းသပ်တဲ့နေရာလည်း ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ စနေနေ့က စမ်းသပ်မှုဟာ ဒုံးကျည်ပစ်လွှတ်တာထက် ဒုံးကျည်အင်ဂျင်  တည်ငြိမ်မှုကို စမ်းသပ်တာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
2 years Ago
Up