ပါကစ္စတန်နဲ့ပတ်သက်ပြီး မမှန်သတင်း ဖြန့်ချိတာကို အိန္ဒိယက ကာလရှည် ရန်ပုံငွေ ထောက်ပံ့နေတယ်လို့ ပါကစ္စတန်က ဒီဇင်ဘာ ၁၁ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
အိန္ဒိယဟာ သတင်းမှားဝက်ဘ်ဆိုက်တွေနဲ့ အဖွဲ့အစည်းတွေကတဆင့် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခြယ်လှယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ EU Disinfo Lab အဖွဲ့အစည်းက ထုတ်ပြန်တဲ့ အစီရင်ခံစာကို ကိုးကားပြီး ပါစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကိုရာရှီက ပြောဆိုလိုက်တာပါ။
အဲဒီအစီရင်ခံစာက ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂမှာ အိန္ဒိယ ထောက်ခံရေးအစီအစဉ်ကို တွန်းအားပေးတယ်လို့ ဆိုထားတဲ့ သတင်းတုလွှင့်မီဒီယာနဲ့ အဖွဲ့အစည်းရာချီတို့ရဲ့ နက်ဝါ့ခ်ကို မီးမောင်းထိုးပြနေပါတယ်။
ဒီလိုစွပ်စွဲခံရတဲ့ နက်ဝါ့ခ်နဲ့ အိန္ဒိယအစိုးရတို့အကြား တိုက်ရိုက်ဆက်နွှယ်မှုရှိလား ဆိုတာကိုတော့ EU DisinfoLab မှာ အသေးစိတ် ဖော်ပြမထားပါဘူး။
ပါကစ္စတန်ကို အပုပ်ချတဲ့ အိန္ဒိယအစိုးရရဲ့ NGOs အတုအယောင် ၁၀ ခုကို ချက်ချင်းစုံစမ်းပြီး စာရင်းက ပယ်ဖျက်ပေးဖို့ ကုလသမဂ္ဂနဲ့ ကုလ လူ့အခွင့်အရေးကောင်စီကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယဘက်ကတော့ ပါကစ္စတန်ရဲ့ စွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး သတင်းမှားတွေ ဖြန့်ချိနေတာ ပါကစ္စတန်ပဲ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။
4 months Ago