စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပြည်သူတွေကို မတ် ၃ ရက်နေ့မှာ ရဲနဲ့စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ရန်ကုန်အပါအဝင် မြို့နယ်အချို့မှာ ဒီနေ့ညနေအထိ ဒီဗွီဘီက ရရှိထားတဲ့ စာရင်းအရ စုစုပေါင်း သေဆုံးသူ အနည်းဆုံး ၁၃ ဦး ရှိပြီး အများအပြား ဒဏ်ရာရတယ်လို့ သိရပါတယ်။
ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် မြောက်ဥက္ကလာပ (ဃ) ဈေးနားမှာ ဒီကနေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ၃ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေအပါအဝင် ဆန္ဒပြသူတွေ ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာရခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့မနက်ပိုင်းက ဆန္ဒပြသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် အနည်းဆုံး ၆ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရတယ်လို့ အခင်းဖြစ်နေရာမှာ သတင်းယူနေတဲ့ ဒီဗွီဘီ နယ်ခံ သတင်းထောက်က ပြောပါတယ်။
မြင်းခြံမြို့မှာ မတ်လ ၃ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီမနက် မနက် ၁၀ နာရီ ဝန်းကျင်ကတည်းက စတင် ပစ်ခတ်ခဲ့ပြီး ၁၁ နာရီ ဝန်းကျင်မှာ ၂၁ နှစ်အရွယ် လူငယ် တစ်ဦး မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့ရတာပါ။
မန္တလေးမြို့မှာလည်း စစ်အာဏာရှင်ပြုတ်ကျရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို မတ်လ ၃ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး အယောက် ၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
၈၄ လမ်း၊ လမ်း ၃၀ မှာ ထိုင်သပိတ်မှာ သံဃသမဂ္ဂ၊ ကျောင်းသား သမဂ္ဂ၊ ပညာရေးဝန်ထမ်းတွေ ပါဝင်ကြပြီး ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြနေတဲ့အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်တွေပစ်ခတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာမှာ အသက် ၁၉ နှစ်သမီး မကြယ်စင်နဲ့ အသက် ၃၇ နှစ် အရွယ် ကိုမျိုးနိုင်လင်းတို့ သေနတ်ကျည်ဆန်ထိမှန် သေဆုံးသွားတာ ဖြစ်ပါတယ်။
မကွေးတိုင်း စလင်းမြို့မှာ မတ်လ ၃ ရက် မနက်ပိုင်းက ဖမ်းဆီးခံရတဲ့ ဆန္ဒပြပြည်သူနှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံတာကြောင့် ၁ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွား ပါတယ်။
ရန်ကုန်-ပြည်ကားလမ်းအတိုင်း တောင်တွင်းကြီးဘက်သို့ ဆတ်သွားတိုက်နယ် အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပြီးပြန်လာတဲ့ စစ်ကားတွေကို ဆတ်သွားကျေးရွာအနီး၊ တောစိမ်းကျေးရွာ ထိပ်ကားလမ်းဘေးမှာထိုင်နေတဲ့ လူငယ်တွေက “စစ်အာဏာရှင်အလိုမရှိ” လို့ ကြွေးကြော်စဉ် စစ်ကားတွေပေါ်မှ စစ်သားတွေဆင်းလာပြီး ကျွဲကျောင်းရင်းဂိမ်းဆော့နေတဲ့ လူငယ် ၂ ဦးကို ထိုးကြိတ်ရိုက်နှက်ကာ ထွက်ပြေးတဲ့ လူငယ်တွေကို သေနတ်နဲ့ လိုက်ပစ်တဲ့အတွက် လူငယ်တစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာနဲ့ ဆုံးသွားခဲ့တာပါ။
ဒီနေ့ မြန်မာနိုင်ငံအတွက် အာဆီယံနိုင်ငံတချို့မှာပါ ဆန္ဒပြဖို့ စီစဉ်ထားပြီး ရန်ကုန်အပါအဝင် မြို့တချို့မှာ သပိတ်စစ်ကြောင်းတွေ စစချင်းမှာပဲ ရဲနဲ့ စစ်တပ်က ဖြိုခွင်းနေပါတယ်။
သာကေတ ၇ ရပ်ကွက်က နေ့တိုင်းထွက်နေတဲ့ သပိတ်စစ်ကြောင်းကို ဒီနေ့မှာတော့ ရပ်ကွက်ထဲက မထွက်ခင်မှာဘဲ ရဲက ပစ်ခတ်ဖြိုခွင်းတာကြောင့် လူစုခွဲခဲ့ပြီး ရပ်ကွက်တွေထဲကို ပစ်ခတ်တာတွေ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။
သိမ်ဖြူလမ်း ဝန်ကြီးများရုံးနားက နိုင်ငံခြားဘာသာစကားတက္ကသိုလ် သပိတ်စစ်ကြောင်းကိုလည်း ဖြိုခွင်းခံရလို့ အိမ်တွေထဲမှာ တိမ်းရှောင်နေရပြီး တယောက် ဖမ်းခံထားရတယ်လို့ ဆိုပါတယ်။
ဆူးလေကို ချီတက်ဖို့ ဝန်ကြီးများရုံး ဗိုလ်အောင်ကျော်လမ်းပေါ်မှာ စုရပ်ပြုလုပ်နေတဲ့ အင်ဂျင်နီယာကျောင်းသား သပိတ်စစ်ကြောင်းလည်း ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်လောက်က ပစ်ခတ်ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ သိရပါတယ်။
အင်းစိန်မြို့နယ်လည်း လူမှုဖူလုံရေးရုံးရှေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကိုလည်း မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ဖြိုခွဲ လူစုခွဲခဲ့ပြီး ဖမ်းဆီးခံရသူတွေနဲ့ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ လက်ရှိ ဆန္ဒပြသူတွေက အင်းစိန်လမ်းမကြီးပေါ်မှာ ဒိုင်းအဖွဲ့တွေနဲ့ ကာရံပြီး စုဝေးဆန္ဒနေပြကြပါတယ်။
ရန်ကင်း မိုးကောင်းမှာ ဆေးကျောင်းသားနဲ့ ဆရာဝန် ၆၀ ထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
လက်ရှိ မိုးကောင်းမီးပွိုင့်ထိပ်မှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲနေတာပါ။ ဆေးကျောင်းသားတွေဟာ ဆန္ဒပြဖို့ လူစုနေတုန်းမှာပဲ ဖြိုခွဲဖမ်းဆီးခံလိုက်ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
ရန်ကုန်ရဲ့ နေရာတချို့မှာတော့ အသံဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး တချို့ ဒဏ်ရာရကြပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကျောက်တိုင်ထီးနားမှာ ဒီမိုကရေစီရရှိရေး ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၈ နာရီလောက်မှာ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဆန္ဒပြ ပြည်သူတွေကို ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ ရေအမြာက်တွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့သလို သေနတ်ဒဏ်ရာရရှိပြီး မပြေးနိုင်တဲ့ ပြည်သူတွေနဲ့ ဆရာ၊ ဆရာမ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့နယ်လုံးဆိုင်ရာ ချီတက်ပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
မော်လိုက်မြို့မှာ သပိတ်စစ်ကြောင်းကို မြို့ထဲကို ဝင်လို့မရအောင် ပိတ်ထားတာကြောင့် မြစ်ဘေးသောင်မှာ ဆန္ဒပြနေကြပါတယ်။