ရန်ကုန်-ပြည်

September 12, 2021

ရန်ကုန်-ပြည် လျှပ်စစ်ရထားလမ်းဖောက်ရန်နှင့် မြစ်ကူးမီးရထားတံတား နှစ်ထပ်ဒီဇိုင်းဖြင့် ဆောက်ရန် အကြမ်းဖက်စစ်ခေါင်းဆောင်ညွှန်ကြား

ရန်ကုန်-ပြည် ရထားလမ်းကို  လျှပ်စစ်ရထားလမ်းအဖြစ် ဖောက်လုပ်ဖို့နဲ့   မြစ်ကူးမီးရထားတံတားတွေကို အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံနဲ့ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

စက်တင်ဘာ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်ရှိ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နဲ့  ဘူတာ ကြီးတို့သို့ သွားရောက်ကြည့်ရှုရာမှာ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က “ ရန်ကုန်-ပြည် မီးရထား လမ်းဟာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ မီးရထားလမ်းတယ်။ အဆင့်မြှင့်တင်ကာ လျှပ်စစ် ရထားလမ်းတွေအထိ မျှော်မှန်းလုပ်ဆောင်ရမှာဖြစ်တယ်။ ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာမဟုတ်ပေမဲ့  ရေရှည်အတွက် စီမံချက်ချ လုပ်ဆောင်ကြရမယ်။  မြစ်ကူးမီးရထားတံတားဖောက်လုပ်ရာမှာ ယခင်က မှားယွင်းစွာဖောက်လုပ်ခဲ့တဲ့  ဒီဇိုင်းအမှားတွေ အပေါ်သင်ခန်းစာယူပြီး  ဘေးချင်းယှဉ် လျက်သော်လည်းကောင်း၊ အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံဖြင့်သော်လည်းကောင်း ဖောက်လုပ်နိုင်ရေး စဉ်းစားလုပ်ဆောင်ကြဖို့လိုတယ်” လို့ ပြောပါတယ်။ 

ဒါ့အပြင် မီးရထားလမ်းတွေ ကြံ့ခိုင်ကောင်းမွန်ဖို့  အဓိကဦးစားပေး ဆောင်ရွက်ဖို့၊ လမ်းတစ်ခုချင်းအလိုက် တိုင်းတာစစ်ဆေးဖို့၊ မီးရထားလမ်းတွေကောင်းမွန်ခြင်း မရှိပါက ရထားတွဲတွေ ပျက်စီးပြီး  ခရီးသွားလာမှုကို ကြန့်ကြာနိုင်လို့ လမ်းတွေကောင်းမွန်စေရေး ရထားလမ်းတွေထိန်းသိမ်း ဆောင်ရွက်ရာမှာ သတ်မှတ် စံချိန်စံညွှန်းတွေအတိုင်း  တိကျစွာ လိုက်နာ ဆောင်ရွက်ဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ နေပြည်တော်မှာလည်း မြေအောက်ရထားတွေ၊ လျှပ်စစ်ကားတွေ ပြေးဆွဲဖို့လည်း မကြာသေးခင်က ညွှန်ကြားထားပါတယ်။   

Photo- DSINFO

3 months Ago

December 21, 2019

ရန်ကုန်-ပြည်  မြန်နှုန်းမြင့်ရထားပြေးဆွဲရန် စစ်တမ်းကောက်ယူ

ရန်ကုန်-ပြည် မြန်နှုန်းမြင့် မီးရထားခရီးစဉ် ပြေးဆွဲဖို့ ရထားလမ်းဘေး နေသူတွေနဲ့ ကျူးကျော်တွေကို ‌တွေ့ဆုံပြီး အကြိုစစ်တမ်း စကောက်နေပါတယ်။ လက်ရှိ ၇ နာရီခွဲ ကျော်ကြာအောင်မောင်းနှင်နေတဲ့ ရန်ကုန်-ပြည် ရထားလမ်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ အကူအညီယူပြီး  ၃ နာရီခွဲနဲ့ မြန်နှုန်းတိုးမြှင့်မောင်းနှင်ဖို့ စလုပ်တော့မှာပါ။ အဲဒီအတွက်ရထားလမ်းဘေးတွေမှာကပ်ပြီးနေထိုင်နေတဲ့အိမ်တွေ၊ ဆိုင်တွေနဲ့ စိုက်ခင်းပိုင် ရှင်တွေနဲ့ တွေ့ဆုံပြီး အကြိုစစ်တမ်းတခုကို ADB ဘဏ်နဲ့မြန်မာ့မီးရထားက တာဝန်ရှိသူတွေ ကောက်ယူနေတာဖြစ်ပါတယ်။ လတ်တလောအနေနဲ့  ရန်ကုန်နဲ့ ပြည်ကို ပြေးဆွဲနေတဲ့ မီးရထားဟာ တနာရီ ကီလို ၆၀နှုန်းနဲ့ မောင်းနှင်နေတာဖြစ်ပြီး အခုလုပ်မယ် မြန်နှုန်းမြင့်ရထားကတော့ တနာရီ ကီလို ၁၂၀ နှုန်းနဲ့ မောင်းနှင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရထားလမ်းဘေးနှစ်ဘက် ၃၃ ပေအကွာမှာ အုတ်တံတိုင်းအမြင့်နဲ့ ရထားလမ်းတလျှောက်ကာရံမှာဖြစ်တာကြောင့် မလွတ်ကင်းတဲ့အိမ်တွေနဲ့ ဆိုင်တွေ ဖယ်ပေးရမှာ ဖြစ်လို့ ထိုက်သင့်တဲ့ လျော်ကြေးတွေပေးမှာ ဖြစ်တယ်လို့ မြန်မာမီးရထားဌာနက သိရပါတယ်။ အခုစီမံကိန်းဟာ ရန်ကုန်မြို့ လှော်ကားဘူတာကနေ ပြည်အထွက်မှော်ဇာအထိဖြစ်ပြီး၊ တရားဝင်ကားဖြတ်လမ်း ၂၀ ရှိပါတယ်။ ရန်ကုန်- ပြည် ရထားလမ်းဟာ ၁၆၁ မိုင်ရှိပြီး မြန်မာနိုင်ငံမှာ ပထမဆုံးဖောက်ခဲ့တဲ့ ရထားလမ်းဖြစ်ပါတယ်။   
2 years Ago
Up