ရန်ကုန်-ကိုကိုးကျွန်းသင်္ဘော

July 29, 2020

ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ် ပြန်လည်ပြေးဆွဲမည်

ကိုကိုးကျွန်းမီးလင်းရေးစီမံကိန်းကို ဒီဇင်ဘာလ မကုန်ခင်ဆောင်ရွက်ရမှာဖြစ်လို့ ရပ်နားထားတဲ့ ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကို အခုလမကုန်ခင် ပြန်လည်ပြေးဆွဲမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။  ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောပြေးဆွဲမှုခရီးစဉ်ကို ကိုဗစ်-၁၉ ကာလဖြစ်လို့ ရောဂါ မကူးစက် အောင် ရပ်နားထားတာဖြစ်ပြီး ၂၀၂ဝပြည့်နှစ်မှာ ရန်ကုန်တိုင်း တတိုင်းလုံး လျှပ်စစ်မီးလင်းရေး အစီအစဉ်အရ ကိုကိုးကျွန်းမြို့နယ်မှာ လျှပ်စစ်မီးရရှိဖို့အတွက်ဆောင်ရွက်ဖို့ရှိတာကြောင့် ရပ်နားထားတဲ့ ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ်ကို ဇူလိုင်လမကုန်ခင်မှာ ပြန်လည်ပြေးဆွဲမယ်လို့ YRTA က ဆိုပါတယ်။  ပြန်လည်ပြေးဆွဲမယ့် ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ်ကိုတော့ လျှပ်စစ်မီးပေးရေးမှာ အသုံးပြု မယ့် ဓာတ်တိုင်တွေ၊ လျှပ်စစ်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကိုသာ ပို့ဆောင်မှာဖြစ်ပြီး ခရီးသည်တွေ အရင်လိုတင်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လျှပ်စစ်ပစ္စည်းတွေဟာ တန် ၃၀၀ လောက်ရှိတာကြောင့် အရင်လူစီးသင်္ဘောနဲ့ရမှာ မဟုတ်တာကြောင့် သင်္ဘောပြောင်းလဲတာတွေလုပ်ဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ 
10 months Ago

February 19, 2020

ရန်ကုန်-ကိုကိုးကျွန်းသင်္ဘော ကုန်စည်ရဲ့တန်ဆာခ ပြန်လည်ကောက်ခံမည်

YRTA ရဲ့ ရန်ပုံငွေနဲ့ပြေးဆွဲနေတဲ့ ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောမှာ ကုန်စည်ရဲ့တန်ဆာခကို ပြန်လည်ကောက်ခံသွားမယ်လို့ YRTA တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ဖေဖော်ဝါရီ ၁၉ ရက် သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောပါတယ်။  YRTAရဲ့စီမံခန့်ခွဲမှုရန်ပုံငွေထဲကနေ ကိုကိုးကျွန်းတခေါက်သွားတိုင်း သင်္ဘောငှားရမ်းခ ကျပ်သိန်း၂၀၀ အကုန်ခံပြီး ခရီးသည်နဲ့ကုန်စည်တွေကို ပို့ဆောင်ပေးနေတာပါ။ ပထမအကြိမ်ခရီးစဉ်ကို ဇန်နဝါရီ ၂၁ ရက်နေ့ကစတင်ပြေးဆွဲခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကိုကိုးကျွန်းကနေ ပြန်လည်ထွက်ခွာခဲ့ပါတယ်။  ရန်ကုန်ကအထွက်မှာ ခရီးသည် ၃၈ ဦးနဲ့ ကုန်ပစ္စည်းတန်ချိန် ၂၈၁ တန်ကျော် တင်ဆောင်ခဲ့ သလို အပြန်ခရီးမှာ ခရီးသည်၃၆ ဦးနဲ့ ကုန်ပစ္စည်း ၅ တန်ကျော်ကို အခမဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။  ဒုတိယအကြိမ်ခရီးစဉ်ကိုတော့ မတ်လ ၄ ရက်နေ့မှာ ပြေးဆွဲနိုင်အောင်စီစဉ်နေပြီး ကုန်ပစ္စည်း တင်ဆောင်ခကိုတော့ ပြန်လည်ကောက်ခံမယ်လို့ ဆိုပါတယ်။  ကိုးကိုးကျွန်းကိုတင်ပို့တဲ့ ကုန်စည်တွေဟာ တည်ဆောက်ရေးပစ္စည်းတွေဖြစ်ပြီး အပြန်ကုန်တွေကတော့ ဒေသထွက်ကုန်တွေဖြစ်တာကြောင့် သင်္ဘောခကောက်ဖို့ အစိုးရကို တင်ပြသွားမယ်လို့လည်း ဦးလှအောင်က ပြောပါတယ်။
1 year Ago
Up