ရန်ကုန်သို့ တတိယအကြိမ်စေလွှတ်

October 16, 2020

ကယားကျန်းမာရေးဝန်ထမ်း ၂၁ ဦးကို ရန်ကုန်သို့ တတိယအကြိမ်စေလွှတ်

ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေတဲ့ ရန်ကုန်မြို့မှာ အားဖြည့်ကူညီဖို့ ကယားပြည်နယ်က ကျန်းမာရေးဝန်ထမ်း ၂၁ ယောက်ကို တတိယအကြိမ်အနေနဲ့  အောက်တိုဘာ ၁၆ ရက် စေလွှတ်လိုက်ပါတယ်။ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ ဆရာမကြီး နော်ဝေနေထူး ဦးဆောင်တဲ့ သူနာပြု ၂၁ ဟာ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းက ကိုဗစ် ရောဂါ ကုသရေးဆေးရုံနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ကြမှာလို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးာဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ကိုဗစ်ဆေးရုံတွေကို တာဝန်ယူပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုသွားတဲ့အဖွဲ့က ၂၁ ယောက်ပါ။ အဲဒီ ၂၁ ယောက်ထဲမှာ သူနာပြုအသစ်က ၁၄ ယောက်ပါ။ ကျန်တဲ့ ၆ ယောက်က အဟောင်းတွေပါ။ အသစ်ဆိုတာ ပြီးခဲ့တဲ့လကမှ လုပ်ငန်းခွင်ကို စတင်တာဝန်ထမ်းဆောင်တဲ့ သူနာပြုတွေပေါ့။ ဒေါ်နော်ဝေနေထူက ဦးဆောင်တဲ့အဟောင်း ၆ ယောက်နဲ့အတူ အသစ် ၁၄ ဦးနဲ့အတူ ရန်ကုန် ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ကိုဗစ်ရောဂါကုသရေးဆေးရုံကို သွားရောက် တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။ ” သူနာပြုတွေထဲမှာ လွိုင်ကော်ပြည်သူ့ဆေးရုံက ၁၄ ဦးနဲ့ ကျန်မြို့နယ်က ၆ ဦး စုစုပေါင်း ၂၀ ဦးဟာ ဒဂုံဆိပ်ကမ်းက ကွာရန်တင်းစင်တာမှာသွားရောက်မှာဖြစ်ပါတယ်။ ကျန် ၁ ဦးကတော့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကြပ်မတ်ဆောင်မှာ သွားရောက်တာဝန် ထမ်းဆောင်မှာဖြစ်ကြောင်း ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ကျနော်တို့ ဖားဆောင်းမြို့နယ်ဆေးရုံက အရေးပေါ်ကြပ်မတ်ခန်းမှာ သွားရောက်တာဝန် ထမ်းဆောင်ဖို့ သူနာပြုတဦးပါဝင်တယ်။ သူကတော အရေးပေါ်ကြပ်မတ်ဆောင်မှာ အထူးသင်တန်း တက်ထားတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ရန်ကုန်ဆေးရုံကြီး (UCU) မှာ သွားရောက်တာဝန် ထမ်းဆောင်မှာဖြစ်ပါတယ်။ ” ဦးဆောင်သွားတဲ့သူနာပြုဆရာမကြီး ဒေါ်ဝေနေထူးကတော့ “ ရန်ကုန်ကို ကျမတို့ကလေ တခြားနည်းနဲ့ မကူညီနိုင်ပေမယ့်လည်း ကိုယ့်ရဲ့ပြည်ထောင်စုစိတ်ဓာတ် အုတ်တချပ်သဲတပွင့်အနေနဲ့ ပေါ့နော်။ အများကြီးမကူညီနိုင်ပေမယ့် အုတ်တချပ်သဲတပွင့်အနေနဲ့ ကျမတို့ ဝိုင်းဝန်းပြီး သွားရောက်ကူညီပေါ့နော်။ ” သူနာပြုသင်တန်းကျောင်းက ကားတစီး၊ ရွှေလွိုင်ကော်ပရဟိတအဖွဲ ကားပါအဝင် ကား ၄ စီးနဲ့သွားကြတာဖြစ်ပြီး ရန်ကုန်ကုန်ကို ပထမတသုတ်သွားရောက်တာဝန်ထမ်း ဆောင်ခဲ့တဲ့ သူနာပြု အယောက် ၂၀ ကိုလည်း ပြန်ကြိုလာမှာဖြစ်ကြောင်း ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ အခုသွားပို့တဲ့လူတွေမှာ ပထမဆုံးအသုတ်အယောက် ၂၀ ကကျနော်တို့ ဒဂုံဆိပ်ကမ်းဆေးရုံနဲ့ ဝေဘာဂီဆေးရုံမှာ သွားရောက်တာဝန်ထမ်းဆောင်နေတဲ့ အယောက် ၂၀ ကို ပြန်ကြိုလာရမှာဖြစ်ပါ တယ်။ ” ကယားပြည်နယ်အနေနဲ့ ကိုဗစ်-၁၉ ကူးစက်မှုများပြားနေတဲ့ ရန်ကုန်ကိုကူညီဖို့ ကျန်းမာရေး ဝန်ထမ်း ၃ သုတ်စေလွှတ်ခဲ့ပြီး သူနာပြု အယောက်  ၆၀ ကို ရန်ကုန်ကိုစေလွှတ်ခဲ့ပြီးဖြစ်ပါတယ်။ အထူးပြုဘာသာရပ်နဲ့ အနေနဲ့ ၂ ဦးအပြင် ဆရာဝန် ၂ ဦးနဲ့ ကျန်းမာရေးမှူး ၃ ဦး အားလုံးပေါင်း ၆၇ ဦးကို စေလွှတ်ခဲ့ပြီးဖြစ်ကြောင်းလည်းပြောပါတယ်။ ရန်ကုန်ကို ပထမအသုတ်သွားခဲ့သူနာပြု အယောက် ၂၀ လွိုင်ကော်ကိုပြန်ရောက်လာရင်တော့ လွိုင်ကော်သူနာပြုသင်တန်းကျောင်းမှာပဲ အားလုံး ၂ ပတ် ကွာရန်တင်းဝင်ရောက်ဖို့ ပြင်ဆင်ထားပါတယ်။ ကွာရန်တင်းကာလအတွင်း ကိုဗစ်ဓာတ်ခွဲစစ်ဆေးမှု ၂ ကြိမ်လောက် စစ်ဆေးမှာဖြစ်ပြီး အားလုံးကျန်းမာမှပဲ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်စေမယ်လို့  ဒေါက်တာဌေးလွင်က ပြောပါတယ်။
7 months Ago
Up