ရန်ကုန်မြစ်ဝ

August 31, 2021

ရန်ကုန်မြစ်ဝ၌ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်ရန် စစ်ကောင်စီ စီစဉ်

အာဏာသိမ်းစစ်ကောင်စီ ရေတပ်ဟာ ရန်ကုန်မြစ်ဝနဲ့ မိုင် ၃၀ အကွာမှာ ၃ ရက်ကြာစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေပြီး စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ရေးလေ့ကျင့်ခန်း ဗျူဟာ ၁ အနေနဲ့ ဖရီးဂိတ်စစ်သင်္ဘော ၂ စီးအပါအဝင် စစ်ရေယာဉ် ၆ စီးထွက်ခွာမယ်လို့ ဒီဗွီဘီက  DVB စုံစမ်းသိရပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပင်လယ်ပြင်အတွင်း အမြောက်တွေ  ပစ်ခတ်လေ့ကျင့်မယ့် အစီအစဉ်တွေ ပါဝင်ပြီး  စစ်ရေးလေ့ကျင််မှုလုပ်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဩဂုတ် ၃၁ ရက်မှာ အမှတ် ၁ ဗျူးဟာမှူးကိုယ်တိုင်လာရောက်တွေ့ဆုံပြောဆိုခဲ့တယ်လို့ ခိုင်လုံတဲ့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ လူမှုကွန်ရက်ကသတင်းတွေကို မယုံဖို့နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုနေပြီဖြစ်တယ်လို့ ဗျူဟာမှူးက ပြောဆိုခဲ့သလို တပ်ကထွက်ပြေးတဲ့သူတွေက တစ်ယောက်နှစ်ယောက်ပဲ ရှိတာဖြစ်ပြီး တပ်ကထွက်ပြီး ဒုက္ခရောက်နေလို့ ပြန်လာချင်နေကြတယ်လို့ ပြောဆိုခဲ့တယ်လို့လည်းဆိုပါတယ်။ 

လက်ရှိမှာ လုံခြုံရေး  ဂရုစိုက်ဖို့နဲ့ အရေးအကြောင်းကြုံပါက ကိုယ်နဲ့နီးစပ်ရာ ကုန်းကို ထိထိရောက်ရောက်စိုးမိုးတုံ့ပြန်နိုင်ဖို့လည်း ဗျူဟာမှူးက ပြောဆိုသွားတယ်လို့ သိရပါတယ်။ 

လက်ရှိ စစ်တပ်ကနေအာဏာဖီဆန်မှုလုပ်ဆောင်ထားတဲ့ တပ်မတော်အရာရှိစစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၅၀၀ နီးပါးရှိပြီး ရေတပ်ကနေ CDM လုပ်ထားတဲ့ တပ်မတော်အရာရှိစစ်သည် ရာဂဏန်းနီးပါးရှိတယ်လို့ သူတို့ ကို CDM ကုတ်နံပါတ် ထုတ်ပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က ကိုလင်းထက်အောင်က ပြောပါတယ်။

3 months Ago
Up