ရန်ကုန်မြစ်

December 21, 2020

ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် စတင်ပြေးဆွဲ

ခရီးသွားလုပ်ငန်းပြည်လည်ဖွံ့ဖြိုးလာဖို့အတွက်ရည်ရွယ်ပြီး ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောခရီးစဉ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေက စတင်ပြေးဆွဲခဲ့ပါတယ်။ အဲဒီခရီးစဉ်ကတော့ ဗိုလ်တထောင်- ဘုရင့်နောင်- မြစ်သုံးဆိုင် ဗိုလ်တထောင် ခရီးစဉ်နဲ့ ဗိုလ်တထောင်-မြစ်သုံးဆိုင်-ပဲခူးမြစ် ဗိုလ်တထောင်ခရီးစဉ်တို့ကို  ၃ နာရီအကြာ ခရီးတိုအဖြစ် ပြေးဆွဲသွားမှာဖြစ်ပါတယ်။ အပျော်စီးသင်္ဘောကို ကိုဗစ်စည်းမျဉ်းတွေအရ တစ်ကြိမ်ကို လူအယောက် ၃၀ သာ လက်ခံပြေးဆွဲမှာ ဖြစ်ပါတယ်။ ညနေပိုင်းတွေမှာ တပတ် ကို ၂ ကြိမ်အထိ ပြေးဆွဲသွားဖို့ စီစဉ်ထားပြီး လက်မှတ်ခအနေနဲ့ အစားအသောက်ဘူးအပါအဝင် တစ်ဦးကို ငွေကျပ် တစ်သောင်းခွဲ ကျသင့်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းဝင် ခရီးသွားကုမ္ပဏီတွေမှာ ဆက်သွယ်၀ယ်ယူနိုင်မှာပါ။ ဒါ့အပြင် နောက်ပိုင်းမှာလည်း ဗိုလ်တထောင်ဆိပ်ကမ်းကနေ  တွံတေးမြို့ကိုလည်း  နေ့ချင်းပြန် ခရီးစဉ် ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။  ဒီအစီအစဉ်ကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်း ပြေးဆွဲတာလည်း ဖြစ်ပါတယ်။  ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက လက်ရှိမှာ အပျော်စီးသင်္ဘော ၂ စီး စီစဉ်ထားပြီး နောက်ပိုင်းမှာတော့ ခရီးသွားအခြေအနေကိုကြည့်ပြီး တို့ချဲ့ပြေးဆွဲသွားမယ်လို့ ပြောပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းကလည်း မြန်မာ့ပထမဆုံး အပျော်စီးလေယာဉ်ခရီးစဉ် ရန်ကုန်-ကျိုက်ထီးရိုး-ဘားအံကို စတင်ပြေးဆွဲခဲ့ပြီး မန္တလေး-ပုဂံ-အင်းလေးတို့ကိုလည်း တိုးချဲ့ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။  
5 months Ago

March 2, 2020

Water Bus ငမိုးရိပ်ချောင်းတွင် ပြေးဆွဲခွင့်ရမှ ရန်ကုန်မြစ်အတွင်း ပြန်ပြေးဆွဲနိုင်မည်ဟု ကုမ္ပဏီပြော

ငမိုးရိပ်ချောင်းအတွင်း Water Bus ပြေးဆွဲခွင့် ရရှိမှသာ အရှုံးပေါ်နေတဲ့ ရန်ကုန်မြစ်အတွင်း ပြေးဆွဲမှုကို ပြန်လည်လုပ်ဆောင်နိုင်မယ်လို့ တင့်တင့်မြန်မာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌက ပြောဆိုပါတယ်။  ငမိုးရိပ်ချောင်းအတွင်း Water Bus ရေယာဉ် ပြေးဆွဲလုပ်ကိုင်ခွင့်ရရှိမှာသာ လက်ရှိ ယာယီရပ်နားထားတဲ့ ရန်ကုန်မြစ်အတွင်း Water Bus ပြေးဆွဲမှုကို ပြန်လည်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ မေလ ၁ ရက်နေ့က ရန်ကုန်မြို့  Time City မှာပြုလုပ်တဲ့ Strong Independent Women ဆွေးနွေးပွဲမှာ တင့်တင့်မြန်မာကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောဆိုပါတယ်။ “ကျမတို့ အရှုံးခံပြီး ပြေးဆွဲပြီးပြီ။ ကျမတို့ မြတ်မယ့်မြစ်က ငမိုးရိပ်ချောင်း ဖြစ်တယ်။ မနှစ်ကအတိုင်းပဲ ဒီဘက်မြစ်ကြောင်းကိုပဲ ဆက်လုပ်နေမယ်ဆိုရင် ရှုံးမှာသေချာတယ်။ တလကို သိန်း ၇၀၀ လောက်ရှိတယ်။ တနှစ်မှာ ၁ မီလီယံနီးပါး ဆုံးရှုံးမှုရှိတယ်။ နဂိုကတည်းက ဆုံးရှုံးမှုကို သိတယ်။ ဆုံးရှုံးရမယ့် အတိုင်းအတာကာလကို ၂ နှစ်လို့ သတ်မှတ်ထားတယ်။ ၂ နှစ်ထက်ပိုပြီးတော့ ဆက်အရှုံးခံရမယ်ဆိုရင် ငမိုးရိပ်ချောင်း ရတဲ့အခါကျမှာ ဆက်လုပ်လို့ရမယ်။” တင့်တင့်မြန်မာ ကုမ္ပဏီအနေနဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကြက်ဘဲဈေး၊ မြောက်ဒဂုံ ပင်လုံအထိ ငမိုးရိပ်ချောင်းတလျှောက် ရေယာဉ် ၅ စီးနဲ့  ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ဆိပ်ကမ်းနေရာ ၁၁ နေရာ ရှိပါတယ်။ လက်ရှိမှာတော့ တိုင်းအစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတဲ့ အနေအထားပါ။   ဒါ့အပြင်  ရန်ကုန်-အင်းစိန်လမ်းကြောင်းနဲ့ ရန်ကုန်- သန်လျင် လမ်းကြောင်းကိုလည်း ပြေးဆွဲဖို့ ပြင်ဆင်နေပါတယ်။ ကုမ္ပဏီအနေနဲ့ ရန်ကုန်မြစ်အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို အရှုံးခံကာလ ၂ နှစ် သတ်မှတ်ပြီး  ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ စတင်လုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိမှာ တော့ ဒီလုပ်ငန်းကို ကုမ္ပဏီအနေနဲ့ ယာယီရပ်ဆိုင်းထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါးတားဘတ်စ်ကုမ္ပဏီကနေ ဆီဖိုးအကြွေး သိန်း ၇၀၀ မရလို့ဆိုပြီး ကုမ္ပဏီတခုက တရားစွဲခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဥပဒေကြောင်းအရ မှားယွင်းချက်တွေ ရှိနေပေမယ့် အကောင်းဆုံး တာဝန်ယူ ဖြေရှင်းပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။  ထပ်မံပြီး ထိခိုက်နစ်နာအောင် ပြုလုပ်လာမည်ဆိုရင်တော့ လုပ်သင့်တာကို  စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဒေါ်တင့်တင့်လွင်က ပြောပါတယ်။ စိုးချစ်ချစ်ပိုင်
1 year Ago
Up