ရန်ကုန်တိုင်းဝန်ကြီးချုပ်

A d v e r t i s e m e n t With Us

February 2, 2021

ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြန်လည်လွတ်မြောက်၊ နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိ

စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းကစပြီး နေအိမ်တွေကို ပြန်လွှတ်ပေးနေရာမှာ  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း ပြန်လည်လွတ်မြောက်လာပြီလို့ အန်အယ်လ်ဒီ ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင်  ဦးကြည်တိုးက ပြောပါတယ်။

လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်တွေကိုတော့ နေအိမ်မှာပဲ အကျယ်ချုပ်သဘောမျိုး ဆက်လက်ထားရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်တွေကတော့ မန္တလေးတိုင်း ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တို့ဖြစ်ပြီး ကျန်ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တချို့ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲလို့ သိရပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လည် လွတ်မြောက်လာခြင်းရှိ မရှိတော့ အခြေအနေ မသိရသေးဘူးလို့ အန်အယ်လ်ဒီ အသိုင်းအဝိုင်းက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဖို့ အန်အယလ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

4 weeks Ago

January 30, 2021

တွံတေးက ရွှေနဂါးဓာတ်မြေဩဇာစက်ရုံ ယာယီပိတ်သိမ်းရန် ဝန်ကြီးချုပ်ညွှန်ကြား

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်က ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို ယာယီပိတ်သိမ်းဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဇန်နဝါရီ ၂၉ ရက်က ညွှန်ကြားလိုက်ပါတယ်။

စက်ရုံတွင်းက ကုန်ကြမ်းတွေကို သတ်မှတ်ကာလတစ်ခုအတွင်း ရွှေ့ပြောင်းပစ်ဖို့နဲ့ ပေါက်ကွဲစေတတ်တဲ့ ဓာတုပစ္စည်းတွေအားလုံး လုံးဝအပြီးအပိုင်ရှင်းလင်းဖို့ ဝန်ကြီးချုပ်က ညွှန်ကြားသွားတယ်လို့ ဒေသခံတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ဦးရဲဝင်းထွဋ်က ပြောပါတယ်။

နောက်ထပ်ကုန်ကြမ်းတွေ မဝင်အောင် ဆိပ်ခံတံတားကို အသုံးပြုခွင့် ပိတ်ပင်ဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကို စာထုတ်ဖို့ညွှန်ကြားထားပြီး ကုန်ကြမ်းတွေရှင်းပြီးတဲ့အထိ စက်ရုံကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ပေါင်းပြီး ကင်းစောင့်ထားပါတယ်။

ရွာသားတွေ တိုင်မှ စစ်ဆေးပြီး အရေးယူ‌ဆောင်ရွက်ပေးတာထက် စက်ရုံအလုပ်ရုံတွေ စတင်တည်ဆောက်ချိန်ကတည်းက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပြီး လိုင်စင်ထုတ်ပေးထားတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ပုံမှန်စစ်ဆေးသင့်သလို နှစ်နှစ်ကျော်ကြာခံစားပြီးမှ လာပိတ်သိမ်းဖို့ အနေအထားဖြစ်လာတာက ဌာနဆိုင်ရာတွေ အားနည်းပြီး နှစ်နှစ်နီးပါး ဥပဒေချိုးဖောက်ခွင့်ရခဲ့တာဟာ အစိုးရမှာ တာဝန်အများကြီးရှိတယ်လို့လည်း ဦးရဲဝင်းထွဋ်က ဆိုပါတယ်။

စက်ရုံက သိုလှောင်ရုံအဖြစ်ထားရှိဖို့ တင်ထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ချက်အစီရင်ခံစာ (EIA) မှာလည်း လိုအပ်ချက်တွေအများကြီးရှိပြီး စက်ရုံဘက်က EIA ကို ပြန်မရေးဆွဲထားတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထောက်ခံချက်လည်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ရွှေလင်ဗန်းစက်မှုဇုန်ထဲက ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကိုပါ ပြန်ပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ရွှေနဂါးဓာတ်မြေဩဇာစက်ရုံက ထွက်ရှိတဲ့ အနံ့ဆိုးနဲ့ အမှုန်တွေကြောင့် စက်ရုံ ပိတ်သိမ်း ဖယ်ရှားပေးဖို့ ဒေသခံတွေက မျှော်လင့်နေတာပါ။

ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို ပိတ်သိမ်းပေးဖို့ ထောက်ခံတဲ့အနေနဲ့ စက်ဘီးစီးနင်းတဲ့ ကမ်ပိန်းတစ်ခုကို ဇန်နဝါရီ ၃ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - လွင်မိုးအောင်၊ ဓာတ်ပုံ - ရဲဝင်းထွဋ်

4 weeks Ago
Up