ရန်ကုန်တိုင်းက ၁၁ ဦး

August 30, 2020

ရန်ကုန်တိုင်းက ၁၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၉၃ ဦးတွေ့ရှိ

ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀၅၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၃ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ဓာတ်ခွဲနမူနာ ၅၈၀ အား ဒုတိယသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ လူနာသစ် ၁၆ ဦးထဲမှာ ရန်ကုန်တိုင်းက ၁၁ ဦးထိ ပါဝင်ပြီး ပဲခူးတိုင်းက ၁ ဦး၊ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က ၂ ဦးနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ ၁ ဦးနဲ့ မင်းပြားမြို့တို့က ၁ ဦးတို့ ဖြစ်ပါတယ်။ အင်းစိန်မြို့နယ်က ၃ ဦး၊ ရွှေပြည်သာက ၂ ဦး၊ မြောက်ဥက္ကလာက ၁ ဦး၊ တောင်ဒဂုံက ၁ ဦး၊ ကမာရွတ်မြို့နယ်က ၁ ဦး၊ တာမွေမြို့နယ်က ၂ ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ၁ ဦးတို့ ဖြစ်ပါတယ်။ လူနာသစ် ၁၆ ဦးထဲမှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ ၆ ဦး ပါဝင်ပြီး ကျန်သူတွေကတော့ ပြည်တွင်း ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။ သြဂုတ် ၂၉ ရက်နေ့အတွက် ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၄၇၄ ခုအား စစ်ဆေးရာမှာတော့ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၇၇ ဦး တွေ့ရှိခဲ့ပါတယ်။ လူနာသစ်အားလုံးဟာ အသွားအလာကန့်သတ်ထားသူတွေဖြစ်ပြီး စစ်တွေမြို့က လူနာသစ် ၃၂ ဦးမှာ ၂၆ ဦးက ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး ၆ ဦးကတော့ မရှိပါဘူး။ ကျောက်ဖြူမြို့က လူနာသစ်အယောက် ၄၀ မှာ ၁၆ ဦးက ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေမှုရှိခဲ့ပြီး ၂၄ ဦးကတော့ ထိတွေ့မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ လူနာသစ်အယောက် ၄၀ မှာ ၂၅ ဦးက စစ်တွေကို ခရီးသွားရာဇဝင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒလမြို့က လူနာသစ် အမှတ် ၇၀၀ နဲ့ သာကေတက လူနာသစ်အမှတ် ၇၀၁ တို့ကတော့ ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုဗစ်-၁၉ လူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ပါဘူး။ ဒလမြို့က လူနာသစ်ဟာ စစ်တွေကို ခရီးသွားရာဇဝင်ရှိခဲ့သူ ဖြစ်ပါတယ်။ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က လူနာသစ်အမှတ် ၆၅၇၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်က လူနာသစ် ၆၅၈ နဲ့ ၆၅၉ တို့ကတော့ ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုဗစ်-၁၉ လူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ပေမဲ့ စစ်တွေကို ခရီးသွားရာဇဝင် ရှိတယ်လို့ ဆိုပါတယ်။  မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၄၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၁ ဦးအနက် ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီးသူ ၃၄၇ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၅၃ ဦးရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ သန်းကျော်၊ သေဆုံးသူ ၈၄၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၅ သန်းကျော်ရှိပြီလို့ သိရပါတယ်။  
1 year Ago
Up