ရန်ကုန်တိုင်း

December 23, 2022

YFA အထည်ချုပ်စက်ရုံ အလုပ်သမားများထံမှ ဖြတ်ထားသည့် ကျွမ်းကျင်ကြေး ပြန်ထုတ်ပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ YFA အထည်ချုပ်စက်ရုံ အလုပ်သမားတွေဆီက ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်ကြေးတွေကို ဒီဇင်ဘာ ၂၃ ရက် ဒီနေ့ ပြန်ထုတ်ပေးတယ်လို့ အဲဒီစက်ရုံအလုပ်သမားတချို့ဆီက သိရပါတယ်။

YFA အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေကို အလုပ်ကရပ်ဆိုင်းခဲ့သလို ကျွမ်းကျင်ကြေးတွေကိုပါ ဖြတ်တောက်ထားခဲ့တာပါ။

YFA စက်ရုံ အလုပ်သမားတဦးက “ဒီနေ့စပြီးတော့ ထုတ်ပေးတာ။ မြို့နယ်အလုပ်သမားရုံးမှာ ဝန်ထမ်းကတ်ပြပြီး ထုတ်ရတာ။ လက်မှတ်ထိုးတောင်းထားတဲ့ အလုပ်သမားတွေကိုပဲ ထုတ်ပေးတာလို့ သိရတယ်” လို့ ပြောပါတယ်။

YFA စက်ရုံမှာ အလုပ်သမား ၁၅၅ ဦး လုပ်ကိုင်တာဖြစ်ပြီး ၁၃၃ ဦးက ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်ကြေး ပြန်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။

အလုပ်သမားတဦးကို ကျွမ်းကျင်ကြေး ကျပ် ၃၀,၀၀၀ လောက် ပြန်ရတာဖြစ်ပြီး ကိုယ့်ရပိုင်ခွင့် တောင်းဆိုနိုင်လို့ ရရှိတာဖြစ်ကြောင်း အဲဒီစက်ရုံ အလုပ်သမားတွေအတွက် ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ဒီနေ့ထုတ်ပြန်ပါတယ်။

ကျွမ်းကျင်ကြေးတွေကို ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာလည်း ဆက်ပြီး ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

စက်ရုံဘက်က ကျွမ်းကျင်ကြေးတွေ ပြန်ထုတ်ပေးပေမဲ့ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်တဲ့အတွက် အလုပ်သမားတွေကို နို့တစ်ကြေးတလစာ ထုတ်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ခုံသမာဓိအဖွဲ့ထံမှာ ဖြေရှင်းနေဆဲ ဖြစ်ပါတယ်။

1 month Ago

September 29, 2022

တောင်ဒဂုံတွင် ပစ်ခတ်မှုဖြစ်ပြီး ရာအိမ်မှူး ၁ ဦးသေ၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၂၅ ရပ်ကွက်၊  သံလွင်လမ်းနဲ့ ထားဝယ်လမ်းထောင့်မှ စက်တင်ဘာ ၂၉ ရက် ဒီမနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး ရာအိမ်မှူးတယောက် သေဆုံးကာ အမျိုးသမီးတယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရာအိမ်မှူး ဦးဇော်မင်းထွန်းဟာ ဒီကနေ့ မနက် ၈ နာရီခွဲက နေအိမ်ကနေ ဧည့်သည် အမျိုးသမီးတယောက်ကို ကားမှတ်တိုင်လိုက်ပို့စဥ် အမည်မသိ သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီး ဧည့်သည်ဖြစ်သူလည်း ဒဏ်ရာရရှိခဲ့တယ်လို့  ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“ဆိုင်ကယ်နဲ့လူနှစ်ယောက် လာပစ်သွားတယ်လို့ ပြောကြတယ်။ သူတို့အနောက်က ပါလာတဲ့ ဆိုင်ကယ်က ပစ်သွားတာ။ ရာအိမ်မှူးသေတယ်၊ အမျိုးသမီးက ဒဏ်ရာရတယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် သံလွင်လမ်းနဲ့ ထားဝယ်လမ်းထောင့်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၄၁ ကြိမ်ဖြစ်ခဲ့ပြီး  ၁၁ ယောက် သေဆုံးခဲ့ပြီး ၂၅ ‌ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

4 months Ago
More News
Up