ရန်ကုန်စီးပွားရေးတက္ကသိုလ်

July 10, 2021

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ CDM ဆရာ၊ ဆရာမ ၁၆ ဦး အလုပ်ပြန်ဝင်

စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာပါဝင်နေကြတဲ့  ရန်ကုန်စီးပွားရေးတက္ကသိုလ် ဆရာ၊ ဆရာမတွေထဲက ၁၆ ယောက် အလုပ်ပြန်ဝင်နေတယ်လို့ ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာ၊ ဆရာမ ရာနှုန်းပြဇယားနဲ့အတူ ဖော်ပြထားခဲ့ကာ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ CDM မှာ ပါဝင်တဲ့ ဆရာ၊ ဆရာမ စုစုပေါင်း ၁၁၇ ယောက်ထိရှိခဲ့ပြီး CDM အောင်မြင်မှုရာခိုင်နှုန်း ၄၆ ဒသမ ၂ ရာခိုင်နှုန်းထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလက်ရှိ ဇူလိုင်လထဲမှာတော့ CDM မှာ ဆက်လက်ပါဝင်နေတဲ့ ဆရာ၊ ဆရာမ စုစုပေါင်း ၁၀၁ ယောက်သာ ရှိတော့တာမို့ CDM အောင်မြင်မှုရာခိုင်နှုန်း ၃၉ ဒသမ ၉ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ CDM ပါဝင်မှုဟာ ၅၆ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့ပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာတော့ ပါမောက္ခချုပ် ဒေါက်တာတင်ဝင်း၊ ဒုပါမောက္ခချုပ်တွေ ဖြစ်ကြတဲ့ ဒေါက်တာနီလာမြင့်ထူး၊ ဒေါက်တာခင်သီတာငြိမ်း၊ ဒေါက်တာမြသန္တာတို့ အပါအဝင်  သင်တန်းရေးရာ(ဌာနမှူး) ဦးသန်းစိုးဦးတို့ အားလုံးဟာ CDM လှုပ်ရှားမှုမှာ ရာနှုန်းပြည့် မပါဝင်ခဲ့ကြပါဘူး။

ဒါ့အပြင် စစ်ကောင်စီလက်ပါးစေ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က CDM လှုပ်ရှားမှုမှာ ပါဝင်ထားကြတဲ့ ဆရာ၊ ဆရာမတွေကို သက်ဆိုင်ရာဝန်ထမ်းအိမ်ရာတွေ အသီးသီးက နှင်ထုတ်နေကြပြီး တချို့သောဆရာ၊ ဆရာမတွေဟာ မိမိတို့အဆောင်ခန်း၊ ဝန်ထမ်း အိမ်ရာတွေမှာ သွားရောက် ပစ္စည်းသိမ်းဆည်းတာမျိုးကိုတောင် မပြုလုပ်နိုင်ကြဘဲ တခြားဒေသတခုခုမှာ အိမ်ငှားနေကြရတဲ့ ဆရာ၊ ဆရာမတွေလည်းရှိပါတယ်။

ဒါကြောင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိတို့ အမိတက္ကသိုလ်က တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ CDM ဆရာ၊ ဆရာမတွေကို လည်း မေ့လျော့မသွားဖို့ အထူးလိုအပ်ကြောင်းနဲ့ တစုံတရာထောက်ပံ့ပေးလိုပါက ကျောင်းသားသမဂ္ဂဖေ့စ်ဘွတ်ခ်ကတဆင့် ဆက်သွယ်ထောက်ပံ့ပေးနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

5 months Ago

April 16, 2021

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ လူငယ် ၄ ဦးကို အကြမ်းဖက်စစ်အုပ်စုဖမ်း ဆီး

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ လူငယ် ၄ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက တာမွေမြို့နယ်၊ တာမွေဈေးအနီးမှာ ဧပြီ ၁၃ ရက်နေ့ညနေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၄ ယောက်ကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာ ကြီးနယ်မြေ) ကျောင်းသားများသမဂ္ဂဉက္ကဋ္ဌ ကိုခန့်သူအောင်၊ ဘဏ္ဍာရေးမှူး မယဉ်မြတနိုးဦး၊ ကိုမင်းဟိန်းခန့်၊ ကိုဖြိုးကျော့နိုင်တို့ ဖြစ်ကြတယ်လို့ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။

သင်္ကြန်အကြိုနေ့ တော်လှန်သင်္ကြန်အတာအိုးသပိတ်လှုပ်ရှားမှု ပြုလုပ်ဖို့အတွက် သွားရောက်ကြချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စီးနင်းလာတဲ့ ကားနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတာဖြစ်ပြီး ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစိုက်မတ်မတ် လှုပ်ရှားခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအမျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန် ချက်အရ မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလအတွင်း စစ်အုပ်စုရဲ့ အကြမ်း ဖက် ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၇၂၆ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၁၅၁ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

8 months Ago
Up