အမေရိကန်ပြည်ထောင်စု ရီပတ်ဘလီကင် ပါတီကိုယ်စားပြုပြီး သမ္မတလောင်းအဖြစ် ရွေးချယ်ခံဖို့ ကြိုးစားနေတဲ့ ဒေါ်နယ်ထရမ့်ဟာ မတ် ၁၁ ရက် ချီကာဂိုမှာ ကျင်းပမယ့် စည်းရုံးရေး အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
မတ် ၉ ရက်နေ့က မြောက်ကယ်လိုရိုင်းနားမှာပြုလုပ်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ လူထုစည်းဝေးပွဲမှာ သူ့ကိုထောက်ခံသူနဲ့ ဆန္ဒပြသူတို့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် လုံခြုံရေး အကြောင်း ပြကာ ဖျက်သိမ်းလိုက်တာပါ။
ရဲတွေနဲ့ တွေ့ဆုံပြီး စည်းရုံးဟောပြောမှုကို ရွှေ့ဆိုင်းလိုက်တာလို့ ဒေါ်နယ်ထရမ့် စည်းရုံးရေး အသင်းက ထုတ်ပြန်ပါတယ်။
ဒါပေမယ့် ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ ချီကာဂို ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
အီလီနွိုက်တက္ကသိုလ်ရှေ့မှာ ထရမ့်မရောက်မီ နာရီအတော်ကြာ ရာနဲ့ချီတဲ့လူတွေ စုရုံးခဲ့သလို အစီအစဉ်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့အပြီးမှာတော့ ထောက်ခံသူတွေနဲ့ ဆန္ဒပြသူတို့ ရန်ဖြစ်ခဲ့ပါတယ်။
ရန်ဖြစ်တဲ့သူတွေကို ရဲတပ်ဖွဲ့က အတင်းအကြပ် ခေါ်ဆောင်သွားသလို ထိန်းသိမ်းထားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ မူဝါဒနဲ့ လူမျိုးရေး ခွဲခြားမှု စကားလုံးတွေကြောင့် သူရဲ့ စည်းရုံးလှုပ်ရှားမှုတွေမှာ ဆန္ဒပြ ကန့်ကွက်တာတွေကို ရင်ဆိုင်နေရပါတယ်။
5 years Ago